ဗင်နီဇွဲလားစစ်တပ်

February 17, 2020

ဗင်နီဇွဲလားအစိုးရ အင်အားပြ စစ်ရေးလေ့ကျင့်

ဗင်နီဇွဲလားစစ်တပ်ဟာ အရပ်ဘက် ပြည်သူ့စစ်တွေနဲ့ သံချပ်ကာကားတွေကို တပ်ချရင်း မြို့တော်ကာရာကတ်စ်နဲ့ နိုင်ငံတလွှားမှာ ဖေဖော်ဝါရီ ၁၅ ရက်က စစ်ရေး လေ့ကျင့်နေပါတယ်။  အမေရိကန်အစိုးရက ဗင်နီဇွဲလားနိုင်ငံအပေါ် ဒဏ်ခတ်မှုတိုးဖို့ ပြင်ဆင်နေချိန်မှာ သမ္မတ နီကိုးလပ်စ်မာဒူရို အစိုးရက အင်အားပြဖို့ ကြိုးစားနေတာလို့ မီဒီယာတွေက သုံးသပ်ပါတယ်။ မာဒူရိုဟာ အရပ်သား အရန်တပ်ရင်းတွေနဲ့ စေတနာ့ဝန်ထမ်း ၄ သန်းတို့ကို အကန့်အသတ်နဲ့ စစ်သင်တန်းပေးရင်း ကြည်းတပ်၊ ရေတပ်၊ လေတပ်နဲ့ နိုင်ငံစောင့်တပ်တွေနဲ့အတူ တရားဝင် ပူးပေါင်းလေ့ကျင့်ခဲ့ပါတယ်။ ရေနံရောင်းတဲ့ အိုပက်အဖွဲ့ဝင်နိုင်ငံ ဗင်နီဇွဲလားကို အမေရိကန်က ကျူးကျော်ဖို့ ပြင်ဆင်နေတယ်လို့လည်း မာဒူရိုက စွပ်စွဲထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကျူးကျော်ဖို့ ဖြစ်နိုင်ခြေကို ၂၀၁၇မှာ ပြောခဲ့ပြီး ၂၀၁၈ မှာတော့ အစိုးရကို စီးပွားရေး ဒဏ်ခတ်ခဲ့တာပါ။ ဗင်နီဇွဲလားစစ်တပ်က မာဒူရိုကို ဆန့်ကျင်ဖို့ အမေရိကန်က တိုက်တွန်းရင်း သူ့အစိုးရ ပြုတ်ကျဖို့ ဒဏ်ခတ်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်ခဲ့ပါတယ်။ မာဒူရိုအပေါ် ဖိအားတိုးဖို့ အမေရိကန်အစိုးရက လုပ်ဆောင်ချက်အသစ်တွေကို စီစဉ်နေတယ်လို့လည်း အရာရှိတွေက ပြောပါတယ်။ ဗင်နီဇွဲလားအတိုက်အခံ ခေါင်းဆောင် ဟွမ်ဂွယ်ဒိုက သူ့ဦးလေးကို ထိန်းသိမ်းတဲ့ လုပ်ရပ်ဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ဖေဖော်ဝါရီ ၁၅ ရက်က ပြောပါတယ်။ ဂွယ်ဒိုဟာ ဦးလေးနဲ့အတူ သီတင်းပတ် ၃ ပတ်ကြာ နိုင်ငံတကာခရီး လှည့်လည်ခဲ့တာပါ။ သူ့ဦးလေးဟာ ဗင်နီဇွဲလားကို ပြန်ရောက်တာနဲ့ အဖမ်းခံခဲ့ရပါတယ်။ ဂွယ်ဒိုကို ဗင်နီဇွဲလားရဲ့ တရားဝင်သမ္မတအဖြစ် နိုင်ငံ ၅၀ ကျော်က အသိအမှတ်ပြု ခံထားရပါတယ်။
1 year Ago
Up