ဗင်နီဇွဲလားနိုင်ငံ ကရာကတ်စ်မြို့မှာ ဇူလိုင် ၅ ရက်နေ့က လွှတ်တော်ခန်းမထဲကို သံပိုက်လုံးတွေ ကိုင်ဆောင်ထားတဲ့ အစိုးရထောက်ခံရေးသမား ၁၀၀ လောက် စုရုံးရောက်ရှိလာပြီး လွှတ်တော်အမတ်တွေနဲ့ သတင်းထောက်တွေကို အကြမ်းဖက် ရိုက်နှက်ခဲ့လို့ အတိုက်အခံ လွှတ်တော်အမတ် ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
အဲ့ဒီအထဲက တဦးဟာ ဦးခေါင်းကို ရိုက်နှက်ခံရတာကြောင့် သတိလစ် မေ့မျောသွားတဲ့အတွက် ချက်ချင်း ဆေးရုံတင်ခဲ့ရပြီး နောက်ပိုင်းမှာတော့ အခြေအနေ ပြန်ကောင်းလာတယ်လို့ သူ့ရဲ့မိသားစုက ပြောပါတယ်။
ဗင်နီဇွဲလားနိုင်ငံက ဆန္ဒပြပွဲတွေဟာ အခြေအနေပိုဆိုးလာနေပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အစိုးရထောက်ခံသူတွေက တန်ပြန်တိုက်ခိုက်တာ၊ အကြမ်းဖက် ရိုက်နှက်တာတွေ လုပ်နေတာပါ။
ဗင်နီဇွဲလားနိုင်ငံမှာ ကာလကြာရှည် ကျင့်သုံးနေတဲ့ အမည်ခံ ဆိုရှယ်လစ်စနစ် ပြုတ်ကျရေးအတွက် လူထုတွေ လမ်းပေါ်ထွက် ဆန္ဒပြနေတာ လနဲ့ချီကြာမြင့်နေပြီး အခြေအနေ ပိုဆိုးလာနေကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
6 years Ago