ဗင်နီဇွဲလားအကျဉ်းထောင်

January 11, 2017

အကျဉ်းကျ ချစ်သူကို ခရီးဆောင်အိတ်ထဲ ထည့်သွင်းခိုးထုတ်သည့် အမျိုးသမီး ဖမ်းဆီးခံရ

ဗင်နီဇွဲလားနိုင်ငံမှာ အမျိုးသမီးတဦးဟာ အကျဉ်းကျနေတဲ့ ချစ်သူအမျိုးသားကို လာတွေ့ခဲ့အပြီး ခရီးဆောင်သေတ္တာထဲထည့်ကာ ထောင်တွင်းမှ ခိုးထုတ်ဖို့ ကြိုးစားခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။ အီဗရာဟင်ဂျိုဆေး ဗားဂက်စ်ဂါစီယာ အမည်ရတဲ့ သူ့ရဲ့ချစ်သူအမျိုးသားဟာ ကားပြန်ပေးဆွဲမှုတခုနဲ့ ဗင်နီဇွဲလားနိုင်ငံ အရှေ့မြောက်ပိုင်း ဂျိုဆေးအန်းဇိုအာတက်ဂွီ အကျဉ်းထောင်မှာ ပြစ်ဒဏ် ၉ နှစ် ကျခံနေရတာပါ။ အသက် ၂၅ နှစ်အရွယ် အန်တိုနီတာ ရိုဘဲလ်ဆာအိုဒါ အမည်ရတဲ့ အမျိုးသမီးဟာ အကျဉ်းထောင်ကို လာရောက်တွေ့ဆုံခဲ့ချိန်မှာ အသက် ၆ နှစ်အရွယ် ကလေးငယ်တဦးနဲ့ ပန်းနုရောင်တောက်တောက် ခရီးဆောင်လက်ဆွဲသေတ္တာတလုံးကို ယူဆောင်လာခဲ့ပြီး အဲဒီသေတ္တာထဲမှာ အကျဉ်းကျနေတဲ့ သူ့ချစ်သူကို ပုန်းစေကာ ခိုးထုတ်ဖို့ ကြိုးစားခဲ့တာလို့ မေရာသတင်းမှာ ဇန်နဝါရီ ၁၀ ရက်နေ့က ဖော်ပြပါတယ်။ ဒါပေမယ့် အိတ်ကို သံသယဖြစ်ဖွယ် တရွတ်တိုက် မနိုင်မနင်းဆွဲလာတဲ့ သူမရဲ့ အမူအရာကြောင့် အစောင့်တွေက စစ်ဆေးခဲ့ချိန်မှာ အိတ်အတွင်း ခွေခေါက်လိုက်ပါလာတဲ့ အီဗရာဟင်ဂျိုဆေး ဗားဂက်စ်ဂါစီယာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အကျဉ်းထောင်တာဝန်ရှိသူတွေဟာ သူ့ကို အကျဉ်းခန်းထဲ ပြန်ပို့ဆောင်ထားခဲ့ကာ အမျိုးသမီးကိုတော့ ဖမ်းဆီးခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ သူနဲ့အတူပါလာခဲ့တဲ့ ကလေးငယ်ကိုတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးဌာနဆီ ပို့ဆောင်ကာ ပြုစုစောင့်ရှောက်ထားခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up