ဗင်နီဇွဲလားတွင် ဝန်ထမ်းများလုပ်ခလစာနှင့် ပင်စင်ခံစားခွင့် ၅၀ ရာခိုင်နှုန်း တိုးမြှင့်

January 9, 2017

ဗင်နီဇွဲလားတွင် ဝန်ထမ်းများလုပ်ခလစာနှင့် ပင်စင်ခံစားခွင့် ၅၀ ရာခိုင်နှုန်း တိုးမြှင့်

ငွေဖောင်းပွမှု အမြင့်ဆုံးနိုင်ငံတနိုင်ဖြစ်နေတဲ့ ဗင်နီဇွဲလားနိုင်ငံမှာ ဝန်ထမ်းတွေရဲ့ လုပ်ခလစာနဲ့ ပင်စင်ခံစားခွင့်တွေကို ၅၀ ရာခိုင်နှုန်း တိုးမြှင့်လိုက်တယ်လို့ သမ္မတက ဇန်နဝါရီ ၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ ဗင်နီဇွဲလားပြည်သူတွေရဲ့ဝင်ငွေနဲ့ အလုပ်အကိုင်တွေကို အကာအကွယ်ပေးဖို့ အခုလို တိုးမြှင့်ပေးလိုက်တာလို့ သမ္မတ မာဒူရိုက ပြောပါတယ်။ အတိုက်အခံတွေကတော့ အခုလို လုပ်ခလစာတွေကို တိုးမြှင့်လိုက်တာဟာ အကျပ်အတည်းဆိုက်နေတဲ့ တိုင်းပြည်စီးပွားရေးအခြေအနေ ပိုပြီးဆိုးရွားသွားစေမှာဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။ ဗင်နီဇွဲလားနိုင်ငံဟာ တောင်အမေရိကမှာ ရေနံကြွယ်ဝတဲ့နိုင်ငံတနိုင်ငံ ဖြစ်ပေမယ့် အခုတော့ စီးပွားရေးအကျပ်အတည်း ဖြစ်နေတာဟာ သမ္မတရဲ့ စီးပွားရေးစီမံခန့်ခွဲမှု ညံ့ဖျင်းလို့လို့ အတိုက်အခံတွေက ပြစ်တင်နေကြတာပါ။ သမ္မတကလည်း တိုင်းပြည်မှာ အခုလိုအခြေအနေ ဖြစ်နေတာဟာ အတိုက်အခံတွေနဲ့ ဝိသမ စီးပွားရေးလုပ်ငန်းရှင်တွေကြောင့်လို့ ပြန်ပြီး အပြစ်တင်စွပ်စွဲပါတယ်။ အခုနှစ်ထဲမှာ ဗင်နီဇွဲလားနိုင်ငံရဲ့ ငွေဖောင်းပွနှုန်း ၁၆၀၀ ရာခိုင်နှုန်းအထိ မြင့်တက်လာမယ်လို့ ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့က ပြောပါတယ်။ ဒီတကြိမ် လစာတိုးတာဟာ တနှစ်အတွင်း ၅ ကြိမ်မြောက် တိုးမြှင့်ခဲ့တာဖြစ်ပြီး အစိုးရလခစားတွေ၊ စစ်မှုထမ်းတွေနဲ့ ပင်စင်စားတွေအတွက် အကျိုးရှိမယ်လို့လည်း ဆိုပါတယ်။ အခုလို တိုင်းပြည်မှာ စီးပွားရေးတိုက်ပွဲတွေ၊ မာဖီးယားတိုက်ခိုက်မှုတွေ ဖြစ်နေချိန်မှာ တိုင်းပြည်အတွင်း အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဝန်ထမ်းတွေရဲ့ လုပ်ခလစာကို အစိုးရအနေနဲ့ အကာအကွယ်ပေးရမှာဖြစ်တယ်လို့ သမ္မတက သူ့ရဲ့ အပတ်စဉ်မိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။
5 years Ago
Up