ဗင်နီဇွဲလားတွင် ဆန္ဒပြပွဲတခုအတွင်း ပေါက်ကွဲမှုဖြစ်၊ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရ

July 31, 2017

ဗင်နီဇွဲလားတွင် ဆန္ဒပြပွဲတခုအတွင်း ပေါက်ကွဲမှုဖြစ်၊ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရ (ရုပ်သံ)

ဗင်နီဇွဲလားနိုင်ငံမြို့တော် ကရာကတ်က ဆန္ဒပြမှုတခုမှာ ဇူလိုင် ၃၀ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရရှိသွားပြီး မော်တော်ဆိုင်ကယ် ၈ စင်းလည်း လောင်ကျွမ်းသွားပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ ပြုလုပ်နေတာဖြစ်ပြီး ဆန္ဒပြသူတွေဟာ လမ်းတွေ ပိတ်ဆို့ထားကြသလို ရဲတပ်ဖွဲ့ဝင်တွေနဲ့လည်း ပဋိပက္ခ ဖြစ်ပွားခဲ့တာပါ။ လက်ဝဲဝါဒီသမ္မတ မာဒူရိုရဲ့ သမ္မတသက်တမ်း လေးနှစ်အတွင်း တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျသွားတာကြောင့် ပြည်သူတွေ ဆန့်ကျင်ဆန္ဒပြနေတာ လတော်ကြာခဲ့ပြီ ဖြစ်ပါတယ်။ သမ္မတ မာဒူရိုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲဖို့အတွက် တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်နိုင်ဖို့ ရွေးကောက်ပွဲ ကျင်းပနေတာ ဖြစ်ပါတယ်။ ဒီရွေးကောက်ပွဲဟာ သမ္မတ မာဒူရို အလိုအတိုင်းဖြစ်ပြီး ဖန်တီးထားတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ဆိုကာ အတိုက်အခံတွေက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ကြပါတယ်။ အတိုက်အခံ လိုလားသူတွေကလည်း နိုင်ငံတဝန်းမှာ လမ်းတွေကို အရံအတားတွေချထားပြီး ပိတ်ဆို့ထားကြပါတယ်။ သမ္မတ မာဒူရိုရဲ့ တိုင်းပြုပြည်ပြု ရွေးကောက်ပွဲကို နိုင်ငံတကာက အပြင်းအထန် ရှုတ်ချထားသလို ရွေးကောက်ပွဲစစ်တမ်းတွေအရ ဗင်နီဇွဲလားပြည်သူ ၇၀ ရာခိုင်နှုန်းဟာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up