ဗကသကျောင်းသားများ

April 11, 2016

သမဂ္ဂ အဆောက်အဦ တည်ဆောက်ရန် လုပ်ဆောင်သွားမည်ဟု ဗကသ ကျောင်းသားများ ပြော

ပြန်လည်လွတ်မြောက်လာတဲ့ ဗကသ ကျောင်းသားခေါင်းဆောင်တွေ အနေနဲ့ ရှေ့လုပ်ငန်းစဉ်အဖြစ် သမဂ္ဂအဆောက်အဦ ပြန်လည်တည်ဆောက်ဖို့အတွက် လုပ်ဆောင်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး အမြန်ဆုံးလုပ်ဆောင်မယ်ဆိုတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်မှတ်နဲ့ ကြေညာချက်တစောင် ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ ဧပြီ ၈ ရက်နေ့က နိုင်ငံရေးအကျဉ်းသားတွေနဲ့ အမှုရင်ဆိုင်နေရတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်းသားတွေကို လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ လွတ်မြောက်လာသူ တဦးဖြစ်တဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ကိုကျော်ကျော်က သူ လွတ်မြောက်လာတဲ့နေ့မှာပဲ အခုလို ပြောဆိုလိုက်ပါတယ်။ “သမဂ္ဂအဆောက်အဦဆိုတာက ကျောင်းတိုင်းကျောင်းတိုင်း၊ တက္ကသိုလ်တိုင်း တက္ကသိုလ်တိုင်းမှာ ရှိသင့်တဲ့ အဆောက်အဦပါ။ တက္ကသိုလ်တိုင်းမှာ သမဂ္ဂရှိမယ်ဆိုရင် တက္ကသိုလ်တိုင်းမှာ သမဂ္ဂအဆောက်အဦလည်း ရှိရပါလိမ့်မယ်။ ဒါပေမယ့် ဖြိုချခံရတဲ့ သမဂ္ဂ အဆောက်အဦဆိုတာ သမိုင်းဝင်မြေနေရာပါ။ ဒီသမိုင်းဝင်မြေနေရာမှာ သမဂ္ဂ အဆောက်အဦတခု ပေါ်ပေါက်လာမယ်ဆိုရင်၊ အဲ့ဒီ သမဂ္ဂအဆောက်အဦဟာ သမိုင်းဝင် အဆောက်အဦလည်းဖြစ်သလို အမှတ်တရအနေနဲ့ ပြတိုက်သဘောမျိုး ထားရှိသင့်တဲ့ အဆောက်အဦတခုလို့ ကျနော်တို့ မြင်ပါတယ်။ ဒါဟာ ဘယ်တက္ကသိုလ်သမဂ္ဂရဲ့ အသုံးချခံမှ မဟုတ်ဘဲနဲ့ အဲ့ဒီ တက္ကသိုလ်သမဂ္ဂ အသီးသီးရဲ့ ဦးညွှတ် ဂုဏ်ပြုစရာ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်လိုမျိုး အလေးအမြတ်ထားစရာ၊ အထွတ်အထိပ်ထားစရာ အဆောက်အဦတခု ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ အဲ့လိုပဲဖြစ်သင့်ပါတယ်။” ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီဝင် ကိုမိုးထက်နေကလည်း “ကျောင်းတိုင်းမှာ သမဂ္ဂနဲ့၊ သမဂ္ဂတည်ရှိရမယ့် နေရာပေါ့နော်။ သမဂ္ဂအဆောက်အဦတွေ ပေါ်ထွန်းလာရေးကို ကျနော်တို့ ရည်ရွယ်ပါတယ်။ ဒီထဲမှာမှ ကျနော်တို့က ဒီ သမိုင်းဝင်ဖြစ်တဲ့၊ ကျောင်းသားသမဂ္ဂရဲ့ အထွတ်အထိပ်ဖြစ်တဲ့ ကျနော်တို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂပေါ့နော်။ အဲ့ဒီ အဆောက်အဦကို ကျနော်တို့ ပြန်ဆောက်ချင်တာပါ။ ဆောက်တဲ့နေရာမှာလည်း ကျနော်တို့က ဒီ ကျောင်းသူကျောင်းသားတွေ၊ နောက်တခါ တကယ့် သာမန်ပြည်သူလူထုရဲ့ ချွေးနည်းစာနဲ့ ရတဲ့ဝင်ငွေတွေပေါ့နော်၊ ဒီလို ၀င်ငွေမျိုးတွေကိုပဲ ကျနော်တို့ စုဆောင်းပြီး ဆောက်ချင်ပါတယ်” လို့ ပြောပါတယ်။ လက်ရှိအချိန်မှာတော့ သမဂ္ဂအဆောက်အဦတခု တည်ဆောက်ဖို့အတွက် အဆင်သင့် မဖြစ်သေးပေမယ့် သင်္ကြန်ပြီးရင်တော့ မိဘပြည်သူတွေရဲ့ သဒ္ဒါကြေးကို လိုက်လံကောက်ခံပြီး ဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အခုအစိုးရလက်ထက်မှာလည်း လေးပွင့်ဆိုင် ကတိက၀တ်တွေကို ရရှိသွားအောင် လုပ်ဆောင်သွားမယ်လို့ ကိုကျော်ကိုကိုက ပြောပါတယ်။ “ကျနော်တို့ဘက်က တံခါးကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့လည်း အဆင်သင့်ရှိနေပါတယ်။ ဒါ ဒေါ်အောင်ဆန်းစုကြည် အစိုးရရဲ့ သဘောထားပေါ်မှာလည်း အများကြီး မူတည်ပါတယ်။ ကျနော်တို့က အစိုးရနဲ့ ဆက်ဆံတဲ့နေရာမှာ ကျနော်တို့ အကျိုးစီးပွား တစုံတရာ ကျနော်တို့ မျှော်ကိုးလို့ ဆက်ဆံတာ မဟုတ်ဘဲနဲ့ ပြည်သူလူထုတရပ်လုံး၊ ကျောင်းသားထုတရပ်လုံးရဲ့ အကျိုးစီးပွားအတွက်ကို ကျနော်တို့ ဆက်ဆံတာ ဖြစ်ပါတယ်။ "ကျနော်တို့က နေရာတွေ၊ ရာထူးတွေ တောင်းဆိုဖို့အတွက် အစိုးရကို တိုက်ရိုက်ဆက်သွယ်တာ မဟုတ်ဘဲနဲ့ ကျနော်တို့ ပြည်သူလူထုတရပ်လုံး လိုလားတောင့်တနေတဲ့ ဒီမိုကရေစီစနစ်ကြီး သွားရာလမ်းဟာ ဖြောင့်ဖြူးသာယာဖို့နဲ့ ကျောင်းသားထုရဲ့သမိုင်းမှာ အကျိတ်အခဲအဖြစ် ခံစားနေရတဲ့ သမဂ္ဂအဆောက်အဦလို ကိစ္စမျိုးကို ပြန်လည်တည်ဆောက်ဖို့အတွက် ကျနော်တို့ တောင်းဆိုတာပဲ ဖြစ်တဲ့အတွက် ကျနော်တို့ အကျိုးစီးပွားမပါဘူး။ ဒီလိုမျိုး ရိုးသားသန့်ရှင်းစွာ တောင်းဆိုမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း မပေးဘဲနဲ့တော့ နေမယ်မထင်ပါဘူးခင်ဗျ။” တက္ကသိုလ်ကျောင်းတိုင်းမှာလည်း သမဂ္ဂအဆောက်အဦတွေ ရှိဖို့လိုအပ်သလို အဲ့ဒီ အဆောက်အဦတွေ တည်ဆောက်ဖို့အတွက်လည်း ခေတ်အဆက်ဆက်က ကျောင်းသားခေါင်းဆောင်ဟောင်းတွေ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ၊ အခြားသောပညာရှင်တွေ ခေါ်ဆောင်ပြီး ကော်မတီဖွဲ့စည်းကာ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင်အချို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ သတင်း - နွယ်နီ
7 years Ago

April 5, 2016

ဖမ်းဆီးခံထားရသည့် ကျောင်းသားများ ရာဇ၀တ်မှု ကျူးလွန်သူများ မဟုတ်ဟု ပြော

ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေက ရာဇဝတ်မှု ကျူးလွန်သူတွေ မဟုတ်ဘဲ တရားခံက အစိုးရသာဖြစ်တယ်လို့ ဗကသကျောင်းသားတွေက ပြောဆိုလိုက်ပါတယ်။ တနှစ်ကျော် ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို ရာဇဝတ်မှု ကျူးလွန်သူတွေလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးရဲ့ အပြည်ပြည်ဆိုင်ရာ နိုင်ငံအလိုက် လူ့အခွင့်အရေး အခြေအနေ ပုံမှန်သုံးသပ်ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ် ဦးမောင်ဝေရဲ့ စွပ်စွဲမှုကို ကျောင်းသားတွေက ပြန်လည်ပြောဆိုလိုက်တာပါ။ အမျိုးသားပညာရေးဥပဒေ ပြန်လည်ပြင်ဆင်ပေးဖို့ တောင်းဆိုနေတဲ့ ပင်မသပိတ်စစ်ကြောင်းက ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို ဖမ်းဆီးခြင်း မလုပ်ဘူးလို့  လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူခဲ့ကြောင်း ဖမ်းဆီးခံထားရသူတဦးဖြစ်တဲ့ ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ အဖွဲ့ဝင် မဖြိုးဖြိုးအောင်က ပြောပါတယ်။ “ကျမတို့ကို ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု သပိတ်နဲ့ ပတ်သက်ပြီးတော့ ဖမ်းဆီးထိန်းသိမ်းခြင်း မပြုပါဘူးလို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးတဲ့နေရာမှာ အစိုးရအဖွဲ့ ၀န်ကြီးကိုယ်တိုင်က ကတိက၀တ်ပြုပြီး လက်မှတ်ရေးထိုးထားတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဒါကို သက်သေအနေနဲ့ လက်မှတ်ရေးထိုးထားတာတွေ ရှိပါတယ်။ ဒါတွေကလည်း နိုင်ငံပိုင် သတင်းမီဒီယာတွေ အပါအ၀င် ပုဂ္ဂလိက သတင်းစာတွေမှာ၊ အင်တာနက်တွေမှာပါ ပျံ့နှံ့ထားပြီးသား ဖြစ်ပါတယ်။ "ကတိက၀တ်ကို ချိုးဖောက်ပြီးတော့ ဖမ်းဆီးထိန်းသိမ်းတာကလည်း အစိုးရကိုယ်တိုင်ကသာ ဖြစ်ပါတယ်ရှင့်။ တကယ်တမ်း ကျမတို့ ပြောချင်တာက တရားခံက အစိုးရဖြစ်ပါတယ်။ ကျမတို့ ကျောင်းသားတွေက ရာဇ၀တ်မှု ကျူးလွန်သူတွေ မဟုတ်ဘူး။ ရာဇ၀တ်မှုကျူးလွန်ပြီးတော့ မတရား ဖမ်းဆီးထိန်းသိမ်းခဲ့တာက အစိုးရကသာ ဖြစ်ပါတယ်။ အဲတော့ အစိုးရအဖွဲ့ဝင် သံအမတ်တဦးအနေနဲ့ ဒီလိုစကားမျိုးပြောတာက အင်မတန်မှကို ရှက်စရာကောင်းတယ်လို့ ကျမပြောချင်ပါတယ်။” လေးပွင့်ဆိုင် သဘောတူညီချက်တွေကို အစိုးရဘက်က အဆင့်ဆင့် ချိုးဖောက်မှုတွေ လုပ်ခဲ့တာလို့လည်း ကျောင်းသားခေါင်းဆောင်တွေက ပြောကြပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုနန္ဒစစ်အောင်ကလည်း “စထွက်တဲ့နေ့ကလည်း အကြောင်းပြချက် တစုံတရာ မရှိဘဲနဲ့ ဖမ်းဆီး ရိုက်နှက်ထားတာဗျ။ ဘာလို့လဲဆိုတော့ ရှင်းတယ်ဗျ။ လက်ပံတန်းက ကျောင်းသားတွေ ဘာဖြစ်လို့ ဘုန်းကြီးကျောင်းထဲက ထွက်လာရတာလဲ၊ ပြဿနာကရိုးရိုးလေးပဲ နယ်/လုံဝန်ကြီးကိုယ်တိုင် ခွင့်ပြုထားလို့ ထွက်လာတာ။ နယ်/လုံဝန်ကြီးကိုယ်တိုင် မနက်ထွက်ခွင့်ပေးလို့ ထွက်လိုက်တဲ့အချိန်မှာ မနက်ကျမှ ရဲတပ်နဲ့လာဝိုင်းပြီးတော့မှ အ၀ိုင်းခံလိုက်ရတယ်။ အဲတော့ မူလကတည်းက ချိုးဖောက်တာ အစိုးရဘက်က ချိုးဖောက်တာလေ။ လေးပွင့်ဆိုင်ကတိ ဒီအချိန်မှာ ဖောက်ဖျက်ပြီးတော့ တရားမစွဲဘူးပြောတယ်၊ တရားစွဲတယ်။ ဘယ်သူဖောက်ဖျက်တာလဲ အစိုးရဖောက်ဖျက်တာ အရမ်းသိသာတယ်။ အဲတော့ ပြည်ထဲရေးဝန်ကြီးဌာနက ဖမ်းတဲ့အချိန်မှာ အစိုးရက ဘာဝင်ပြောလဲဆိုတော့ ဘာမှမပြောဘူး၊ လွှတ်တော်ကလည်း ဘာဝင်ပြောလဲဆိုတော့ ဘာမှမပြောဘူးလေ။ ကိုယ်ထိုးထားတဲ့ ကတိတွေအပေါ် ကိုယ်တာဝန်ယူမှု လုံးဝမရှိဘူးဗျ" လို့ ပြောပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေဟာ ကိုယ်ကျိုးစီးပွား တောင်းဆိုသူတွေ မဟုတ်ဘဲ မတရားမှု ဖော်ထုတ်ပေးဖို့ တောင်းဆိုလို့ ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဗကသ ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောပါတယ်။ “ဒီနေ့ဒီကာလမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်ကြည့်လိုက်ရင် ကိုယ်ကျိုးစီးပွားကို တောင်းဆိုတဲ့သူတွေ တယောက်မှမပါဘူး။ မတရားမှုတွေကို ဖော်ထုတ်ပေးဖို့ တောင်းဆိုတဲ့သူတွေပဲ ဖမ်းဆီးခံနေရတာကို တွေ့ရတယ်။ ဥပမာ ဒေါ်ခင်ဝင်းသေဆုံးမှုမှာ တရားခံအစစ်အမှန်ကို ဖော်ထုတ်ပေးဖို့ တောင်းဆိုတဲ့လူတွေ ထောင်ကျတယ်၊ တရားစွဲခံရတယ်။ နောက် ကောင်းခါးရွာက ကချင်ဆရာမလေးနှစ်ဦး မုဒိမ်းကျင့်သတ်ဖြတ်ခံရတဲ့ ကိစ္စကို တောင်းဆိုတဲ့လူတွေ တရားစွဲခံနေရတယ်ဆိုတာကို တွေ့ရတယ်။” ဆန္ဒဖော်ထုတ်တာဟာ လူ့အခွင့်အရေးဖြစ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်း အပိုဒ် ၁၉ မှာ ခွင့်ပြုထားပါတယ်၊ ဒါကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာလည်း လက်ခံအသိအမှတ်ပြုထားပါတယ်၊ ဒါကြောင့် ခွင့်မပြုဘဲ ဆန္ဒဖော်ထုတ်တာကို ပုဒ်မ ၁၈ နဲ့ တရားစွဲတာမျိုးတင်မဟုတ်ဘဲ မသက်ဆိုင်တဲ့ ရာဇသက်ကြီးပုဒ်မ ၁၄၃၊ ၁၄၅၊ ၁၄၇၊ ၃၃၂ နဲ့ အာမခံပေးလို့မရတဲ့ ၅၀၅(ခ) နဲ့ အရေးယူတာဟာ အရေးယူတဲ့သူတွေ ကိုယ်တိုင်က လူ့အခွင့်အရေးကို ချိုးဖောက်နေတာ ရောက်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောထားပါတယ်။
7 years Ago
More News
Up