စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌ မအေးန္ဒာစိုး ဖမ်းဆီးခံထားရတာ ၇ လပြည့်တဲ့အထိ မိသားစုနဲ့ အဆက်အသွယ် မရသေးဘဲ အသက်အန္တရာယ် စိုးရိမ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
မအေးနန္ဒာစိုးကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၈ ရက်က မန္တလေးကနေ တန့်ဆည် - ရေဦးဘက်က နေအိမ်အပြန် ကားပေါ်မှ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေက ဖမ်းဆီးထားတာဖြစ်ပြီး ဒီကနေ့ ဧပြီ ၂၀ ရက်မှာ ၇ လ ပြည့်သွားပြီ ဖြစ်ပါတယ်။
ကနဦးအနေနဲ့ မအေးနန္ဒာစိုးကို တပ်မ ၃၃ ကနေ နန်းတွင်းစစ်ကြောရေးမှာ အတော်ကြာ စစ်ဆေးခဲ့ပြီး ဒဏ်ရာတွေရာရှိခဲ့ကာ လုံလောက်တဲ့ ဆေးကုသမှု မရရှိဘူးလို့ စစ်ကြောရေးကနေ ထောင်ကိုရောက်လာတဲ့သူတွေကတဆင့် သိရပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလဆန်း နောက်ပိုင်းကာလမှာတော့ မအေးန္ဒာစိုး ရောက်ရှိနေတဲ့ နေရာနဲ့ အဆက်အသွယ် လုံးဝပြတ်တောက်သွားပြီး အသက်ရှင်လျက်ရှိမရှိ မသိရတာကြောင့် မအေးန္ဒာစိုးရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်နေရကာ စုံစမ်းမှုတွေလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ဗကသများအဖွဲ့ချုပ်က ဆိုပါတယ်။
မအေးနန္ဒာစိုးဟာ အဖိနှိပ်ခံ ကျောင်းသား၊ လယ်သမား၊ အလုပ်သမားတွေဘက်ကနေ ရပ်တည်ပြီး စစ်အာဏာရှင်စနစ်ကို စဉ်ဆက်မပြတ် ဆန့်ကျင်တော်လှန်ခဲ့တဲ့ ကျောင်းသူ တဦးဖြစ်ပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့မှာ တနိုင်ငံလုံး ကျောင်းတွေပြန်ဖွင့်ဖို့ ကြေညာလိုက်တဲ့ စစ်ကောင်စီရဲ့ စစ်ကျွန်ပညာရေးကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြဖို့ တောင်ငူမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ကျောင်းသားမိဘတွေကို တောင်းဆိုလိုက်ပါတယ်။
အခုလို ကျောင်းတွေ ပြန်ဖွင့်တာဟာ ကျောင်းသားတွေရဲ့ ပညာတတ်မြောက်ရေးကို ထည့်သွင်း စဥ်းစားတာ မဟုတ်ဘဲ ကျောင်းသားနဲ့ မိဘတွေကြား မပြေလည်မှုတွေကို ဖန်တီးပြီး တော်လှန်ရေး အင်အားကို လျော့နည်းအောင် ဆောင်ရွက်တာလို့ ဆိုပါတယ်။
အကြောင်းတစုံတရာရှိရင် ကျောင်းသားလူငယ်တွေရဲ့ အသက်ကို ဓားစာခံလုပ်ဖို့ ဝန်လေးမှာ မဟုတ်တဲ့အတွက် မိဘတွေအနေနဲ့ ကိုယ့်ရဲ့သားသမီးတွေကို ဘက်ပေါင်းစုံ ဘေးဒုက္ခ ကျရောက်နိုင်တဲ့ အန္တရာယ်တွင်းကို မပို့ကြဖို့လည်း မေတ္တာရပ်ခံထားတာပါ။
အခုအချိန်ကာလမှာ တနိုင်ငံလုံး အကြမ်းဖက်စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေတဲ့ကာလ ဖြစ်ပြီး ကျောင်းသားလူငယ်များစွာလည်း ဒီမိုကရေစီအရေးအတွက် ပေးဆပ် တိုက်ပွဲဝင်နေကြတာကြောင့် စစ်အာဏာရှင်လက်အောက်က စစ်ကျွန်ပညာရေးကို ကျောင်းသားရော မိဘပါ ဆန့်ကျင်သပိတ်မှောက်ကြဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၆ ရက်နေ့ကလည်း တောင်ငူမြို့နယ်နဲ့ ရေတာရှည်မြို့နယ်က ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီး စစ်ကျွန်ပညာရေး အလိုမရှိကြောင်း၊ ပြတ်ပြတ်သားသား ဆန့်ကျင်စေလိုကြောင်း photo campaign ပြုလုပ်ပြီး ထုတ်ဖော်ဆန္ဒပြခဲ့ကြပါတယ်။
Photo - တောင်ငူမြို့နယ်ကျောင်းသားများသမဂ္ဂ-ဗကသများအဖွဲ့ချုပ်