ဖှားသူပုန်

August 12, 2021

ဖှားသူပုန်အဖွဲ့ ကလေးစစ်သား ၁၈၀၀၀ ကျော်ကို စုဆောင်းခဲ့ဟု ကိုလံဘီယာတရားရုံး ပြော

ကိုလံဘီယာနိုင်ငံက အခုဖျက်သိမ်းပြီးပြီဖြစ်တဲ့ ဖှားသူပုန်တွေဟာ ကလေးအယောက်   ၁၈၀၀၀ ကို စစ်သားအဖြစ် အတင်းအဓမ္မစုဆောင်းခဲ့တယ်လို့ အသွင်ကူးပြောင်းရေး တရားရုံး (JEP) က သြဂုတ် ၁၀ ရက်မှာ ပြောပါတယ်။

နှစ် ၂၀ ကျော် ကာလအတွင်း စစ်ရာဇဝတ်မှုလို့ ယူဆလို့ရတဲ့ အလွဲသုံးစားမှုနဲ့ အပြုအမူပဲလို့လည်း ဆိုပါတယ်။

ဖှားသူပုန်အဖွဲ့ဝင်ဟောင်း ၂၆ယောက်ကို (JEP)က စုံစမ်းစစ်ဆေးနေပြီး အတင်းစုဆောင်းခံရသူ ၂၇၄ ယောက်ကဆီက စစ်ချက်နဲ့အတူ တခြား ဓားစာခံအုပ်စုတွေနဲ့ အစိုးရတို့ဆီက သတင်းအချက်အလက် ၃၁ ရပ်ကို အကဲခတ် ချင့်ချိန်တွက်ချက်အပြီးမှာ ခု ကိန်းဂဏန်း ပေါ်ထွက်လာတာလို့ (JEP) ရဲ့ အောက်ရုံးတရားသူကြီးက ပြောပါတယ်။

၁၉၉၆ ကနေ ၂၀၁၆ ခုနှစ်အတွင်း ကလေးတွေကို စုဆောင်းခဲ့တာကို အာရုံစိုက်ထားတဲ့ ဒီစုံစမ်း စစ်ဆေးမှု အတွင်း JEP ဟာ လိင်ပိုင်းနဲ့ ကျားမ အခြေပြု အကြမ်းဖက်မှုတွေ၊ လူသတ်မှု၊ နှိပ်စက်မှု၊ ရက်စက်မှုနဲ့ အရှက်ရ သိမ်ငယ်စေတဲ့ ပြုမူဆက်ဆံပုံတွေကို ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။

ကိုလံဘီယာနိုင်ငံအတွင်း တခြား တရားမဝင် လက်နက်ကိုင်အုပ်စုတွေဟာ အသက်မပြည့်သေးတဲ့ ကလေးတွေကို တိုက်ခိုက်ရေးသမားတွေ၊ လူသားဒိုင်းတွေ လိင်ကျွန်တွေအဖြစ် ဆက်ပြီး အသုံးပြုနေဆဲလို့ အစိုးရက ပြောပါတယ်။

JEP က ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေဟာ အရင်က အစိုးရက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေထက် အများကြီး ပိုများနေတာပါ။

ပဋိပက္ခအတွင်း ၁၉၈၅ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်ကြား ကလေးငယ် အယောက် ၇၄၀၀ ကျော် စစ်သား စုဆောင်းခံခဲ့ရပြီး ကလေး အယောက် ၁၆၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ခန့်မှန်းထားပါတယ်။

လက်ရှိမှာ နိုင်ငံရေးပါတီ ဖွဲ့စည်းထားတဲ့ ဖှားသူပုန် ခေါင်းဆောင်ဟောင်းတွေ ကိုတော့ မှတ်ချက်အတွက် ချက်ချင်း ဆက်သွယ်လို့ မရသေးပါဘူး။

ဒါပေမဲ့ သူတို့ကတော့ ကလေးတွေကို စစ်သားအဖြစ် စုဆောင်းတာဟာ သူတို့ မူဝါဒ မဟုတ်ဘဲ အကာအကွယ်ရဖို့နဲ့ ဆင်းရဲတဲ့ဘဝကနေ လွတ်ဖို့ ကလေးအများအပြားက သူပုန်တပ်ထဲ ပူးပေါင်း ခဲ့တာလို့ အရင်က ပြောခဲ့ဖူးပါတယ်။

4 months Ago
Up