ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်နှင့် အန်စီအေ သဟဇာတဖြစ်ရန်လိုဟု ဗိုလ်ချုပ်ကြီးယွက်စစ် ပြော

December 3, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေး လက်ရှိလွှတ်တော်သက်တမ်းအတွင်း ပြီးစီးအောင် ဆောင်ရွက်မည်  

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်တဲ့လုပ်ငန်းတွေကို လက်ရှိလွှတ်တော်သက်တမ်းအတွင်းမှာပဲ ပြီးအောင် ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောပါတယ်။  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်း ဆောင်ရွက်နေတဲ့အပေါ် ဆွေးနွေးမှု တချို့နဲ့ပတ်သက်လို့ နာယကရဲ့ တာဝန်ရှိမှုအပိုင်းကနေ လွှတ်တော်ကို အသိပေးပြောကြားတာမှာ အခုလို ပြောတာပါ။ ပြင်ဆင်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်ကတည်းက ဒီသက်တမ်းအတွင်း ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတစ်ခုအနေနဲ့ လက်ခံ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်း ဦးတီခွန်မြတ်က ပြောပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဆက်လက်ဆွေးနွေးမယ့်အစီအစဉ်တွေမှာ အစည်းအဝေးအတွင်း လိုက်နာရမယ့် စည်းကမ်းတွေကို အလေးထားဖို့လည်း လိုတယ်လို့ နာယကက သတိပေးခဲ့ပါတယ်။ ဒီကနေ့ အစည်းအဝေးမှာလည်း ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဗိုလ်မှူးချုပ်အောင်စန်းချစ်အပါအဝင် ကိုယ်စားလှယ် ၁၄၄ ဦးတင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို ဆွေးနွေးကြတာမှာ သတ်မှတ်စည်းကမ်းတွေနဲ့ ညီညွတ်မှုမရှိတဲ့ ဆွေးနွေး ချက်တွေကို မှတ်တမ်းကနေ ပယ်ဖျက်သွားမယ်လို့ ဒုတိယအကြိမ် အသိပေးတင်ပြခဲ့ပါတယ်။
1 year Ago

October 10, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်နှင့် အန်စီအေ သဟဇာတဖြစ်ရန်လိုဟု ဗိုလ်ချုပ်ကြီးယွက်စစ် ပြော

လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ အန်စီအေ လမ်းကြောင်းအရ ဖွဲ့စည်းပုံပြင်ဆင်ရေး တို့ လိုက်လျောညီထွေ သဟဇာတဖြစ်ဖို့လိုတယ်လို့  PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောပါတယ်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အောက်တိုဘာ ၁၀ ရက်က ကျင်းပတဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) ရဲ့  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အစွန်းမရောက်ဘဲ မလျော့မတင်းစောင်းကြိုးညှင်းဆိုသလို သတိထားဆောင်ရွက်သွားရမယ်လို့လည်း ပြောပါတယ်။ အန်စီအေ ၄ နှစ်ပြည့်ပွဲကျင်းပရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဆက်စပ်တဲ့ အရေးပါတဲ့ အကြောင်းအရာတွေကိုအကျေအလည်ဆွေးနွေးကြဖို့  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO)ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ကျင်းပနေတာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို အောက်တိုဘာ ၁၂ ရက်အထိ ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ၁၀ဖွဲ့က  ကိုယ်စားလှယ်တွေ တက်ရောက်နေကြပါတယ်။ ဓာတ်ပုံ- NCA-S EAO
2 years Ago
Up