ဖွဲ့စည်းပုံပြင်ဆင်ချက်

March 11, 2020

ဖွဲ့စည်းပုံပြင်ဆင်ချက်ကြောင့် သမ္မတပူတင် နောက်သက်တမ်းအတွက် ဝင်ပြိုင်နိုင် 

ရုရှားအခြေခံဥပဒေခုံရုံးက မကန့်ကွက်ရင် အခြေခံဥပဒေပြင်ဆင်ချက်က သူ့ကို သမ္မတ ရာထူး နောက်သက်တမ်းအတွက်ဝင်ပြိုင်ခွင့်ပြုဦးမယ်လို့ ယုံကြည်တဲ့အကြောင်း ရုရှားသမ္မတ ဗလာဒီမီယာပူတင်က  လွှတ်တော်ကို ပြောပါတယ်။ လက်ရှိ ရုရှားနိုင်ငံရဲ့ အခြေခံဥပဒေအရ ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ ဒုတိယမြောက် သမ္မတသက်တမ်း အဆုံးသတ်ချိန် ၂၀၂၄ ခုနှစ်မှာ ရာထူးက ဖယ်ပေးရတော့မှာပါ။ ဒါပေမဲ့ ရုရှားလွှတ်တော်အမတ်တွေက  မနေ့က အခြေခံဥပဒေ ပြင်ဆင်ရေး အဆိုပြုချက် တင်ခဲ့လို့ အဲဒီအဆိုပြုချက်သာ အတည်ဖြစ်ခဲ့ရင် ပူတင်ဟာ သမ္မတ သက်တမ်းကို သုညကနေ ပြန်စရနိုင်ပါတယ်။ နောက်ထပ် သမ္မတသက်တမ်းတွေအတွက် ဝင်ပြိုင်နိုင်ဦးမှာ ဖြစ်ပါတယ်။ “စည်းမျဉ်းအရဆိုရင် ဒီနည်းလမ်းက ဖြစ်နိုင်ပါတယ်။ ဥပဒေသတ်မှတ်ချက်အရ ဒီနေ့ ကျနော်တို့ဟာ အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် တခြားနိုင်ငံတွေမှာ ရှိသလိုပဲ သမ္မတသက်တမ်း ကန့်သတ်ချက်ကို ပယ်ဖျက်နိုင်မယ်။ နိုင်ငံအကြီးအကဲအတွက် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ထဲမှာ သက်တမ်း သတ်မှတ်ချက် မရှိနေဘူး။ ရုရှား အောက်လွှတ်တော်ဟာ ပိုကျယ်ပြန့်တဲ့ သြဇာသစ်တွေ ချက်ချင်းရဖို့သင့်တယ်။ ဒါဟာ ဘယ်လိုမဆို ခင်ဗျားတို့ ဆုံးဖြတ်ရမှာပဲ။ လက်ရှိလွှတ်တော်မှာ ဒီမေးခွန်းအတွက် အများသဘောဆန္ဒ မရှိနေဘူး။ လွှတ်တော်ဥက္ကဋ္ဌလည်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ မလိုဘူးလို့ ကျနော့်ကို ပြောတယ်” လို့ ပူတင်က ပြောပါတယ်။ လူတွေအားလုံးအတွက် ကန့်သတ်ချက်တွေကို ဖယ်ရှားဖို့၊ လက်ရှိသမ္မတ အပါအဝင် နိုင်ငံသားအားလုံးကို အနာဂတ်မှာ ရွေးကောက်ပွဲတွေမှာ ပါဝင်ခွင့်ပြုဖို့၊ ပွင့်လင်း မြင်သာစွာ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်ရမှာ ဖြစ်ပါတယ်။ လူတွေက ဒီအဆိုပြုချက်ကို ထောက်ခံတယ်ဆိုရင် ဥပဒေပြင်ဆင်ဖြည့်စွက်ချက်ကို ဧပြီ ၂၂ ရက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ ပြည်သူတွေက မဲပေးခဲ့တယ်ဆိုရင် စည်းမျဉ်းအရ ဒီရွေးချယ်မှုဟာ ဖြစ်နိုင်ခြေရှိတယ်။ ပြင်ဆင်ဖြည့်စွက်ချက်ဟာ အခြေခံဥပဒေရဲ့ အဓိက ပြဋ္ဌာန်းချက်တွေ၊ စည်းမျဉ်းတွေနဲ့ ဆန့်ကျင်မနေရင် အခြေခံဥပဒေခုံရုံးက တရားဝင် ဆုံးဖြတ်ချက် ပေးခဲ့ရင် သမ္မတသက်တမ်း ကန့်သတ်ချက်ကို ပယ်ဖျက်ဖို့ ဖြစ်နိုင်လိမ့်မယ်လို့လည်း ပူတင်က ပြောပါတယ်။
1 year Ago

March 10, 2020

ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်တည်ဆောက်ရန် ဖွဲ့စည်းပုံပြင်ဆင်ချက်ရှုံးနိမ့် 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြင်ဆင်ဖို့ တင်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆(က)မှာ အကျုံးဝင်တဲ့ ပုဒ်မ ၁၄ ခုကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲတာမှာ တပ်မတော်နဲ့ ပတ်သက်တဲ့ ပုဒ်မတွေ အားလုံးနီးပါး ပြင်ဆင်ခွင့်မရဘဲ ရှုံးနိမ့်သွားပါတယ်။  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေမူကြမ်းတွေကို မတ်လ ၁၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ ဒီနေ့မနက် ကိုယ်စားလှယ်တွေ လျှို့ဝက် မဲပေးစနစ်နဲ့ စတင်မဲခွဲ ဆုံးဖြတ်ခဲ့ပါတယ်။  အဲဒီမှာ  ပုဒ်မ ၄၃၆(က)နဲ့အကျုံးဝင်တဲ့ အခန်း(၁)၊ နိုင်ငံတော်အခြေခံမူများအခန်းက ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ကို မဲခွဲဆုံးဖြတ်တာမှာ  တပ်မတော်နဲ့အဓိက သက်ဆိုင်တဲ့ ပုဒ်မ၊ ပုဒ်မခွဲတွေ၊ နိုင်ငံတော်ကို ဒီမိုကရေစီ၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ဖွဲ့စည်းဖို့ ပြင်ဆင်ချက်တွေဟာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းမကျော်တဲ့အတွက် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပုဒ်မ ၄၃၆(က)မှာ အကျုံးဝင်ပြီး တပ်မတော်နဲ့သက်ဆိုင်တဲ့ ပုဒ်မ ၃၂(က)နဲ့ (ခ)မူလပြဋ္ဌာန်းချက်ပါ မသန်မစွမ်းဆိုတဲ့ စကားရပ်တွေအစား မသန်စွမ်းလို့ ပြင်ဆင်ထားတဲ့ အချက်နှစ်ချက်ပဲ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။  အခုလို ပြင်ဆင်နိုင်တဲ့ နှစ်ချက်ကလည်း ပြည်သူ့ဆန္ဒခံယူပွဲ ပြုလုပ်ရဦးမှာဖြစ်တဲ့အတွက် ပြင်ဆင်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင် ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောပါတယ်။  ဒီနေ့လွှတ်တော်ကို လေ့လာရေးလာရောက်တဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်တွေရဲ့ ကြိုးစားအားထုတ်မှုဟာ အားရစရာ ကောင်းပေမယ့် ရလဒ်အရ ပြင်ဆင်ရေးလုပ်ငန်းတွေကတော့ ဆက်လက်ဆောင်ရွက်သွား ရဦးမယ်လို့ ပြောပါတယ်။ အခုလို ဖွဲ့စည်းပုံရဲ့ အခြေခံမူအခန်းတောင် ပြင်ဆင်ဖို့ ခက်ခဲနေရင် နောက်ပိုင်းပုဒ်မတွေ ပြင်ဆင်တာမှာလည်း ၇၅ ရာခိုင်နှုန်းကျော်ရဖို့ခက်ခဲဦးမှာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောပါတယ်။ ဒီပုဒ်မတွေ ပြင်နိုင်ဖို့ ပြည်ထောင်စုလွှတ်ကိုယ်စားလှယ်အားလုံးရဲ့  ၇၅ ရာခိုင်နှုန်းဖြစ်တဲ့ အနည်းဆုံး ၄၉၁ မဲရဖို့ လိုအပ်ပါတယ်။  မတ်လ ၁၀ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ်စုစုပေါင်းကတော့ ၆၅၄ ဦးရှိပြီး အစည်းအဝေးမတက်ဘဲ ပျက်ကွက်သူ ရွေးကောက်ခံအမတ် ၂၁ဦး ထိရှိခဲ့ပါတယ်။  မတ်လ ၁၁ ရက်နေ့မှာတော့ ဖွဲ့စည်းပုံ  ပုဒ်မ ၄၃၆ (က)နဲ့ အကျုံးဝင်တဲ့ ပုဒ်မနဲ့ ပုဒ်မခွဲ ၁၅ ခုကို စုစည်းထားတဲ့ ဆန္ဒမဲလက်မှတ် ၂  ကို ဆက်လက်မဲခွဲဆုံးဖြတ်ကြမှာဖြစ်ပါတယ်။
1 year Ago
Up