ဖွဲ့စည်းပုံကို သတ်မှတ်နည်းလမ်းအတိုင်း ပြင်မရရင် ဘာဆက်လုပ်မလဲ

July 3, 2015

ဖွဲ့စည်းပုံကို သတ်မှတ်နည်းလမ်းအတိုင်း ပြင်မရရင် ဘာဆက်လုပ်မလဲ - ၂

ရှေ့က ဆောင်းပါးတွင် သတ်မှတ်နည်းလမ်းအတိုင်း မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်နည်းလမ်းအား တင်ပြရာတွင် ဥပမာအနေဖြင့် နောင်ပေါ်ပေါက်လာမည့် ပြည်ထောင်စုလွှတ်တော်အနေဖြင့် ဆောင်ရွက်နိုင်သည့် နည်းလမ်းတရပ်ကို ပြည်သူများ စဉ်းစားနိုင်ရန် တင်ပြခဲ့ပါသည်။ မိတ်ဆွေအချို့က နောက်ထပ်နည်းလမ်းများရှိပါက ဆက်လက်တင်ပြရန် ပြောဆိုလာသည့်အတွက် ဒုတိယနည်းလမ်းအဖြစ် ဥပမာတရပ် ထပ်မံတင်ပြအပ်ပါသည်။ ပြည်နယ်နှင့် တိုင်းလွှတ်တော်များမှ ဆောင်ရွက်နိုင်သည့် နည်းလမ်း အကယ်၍ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး လွှတ်တော်တရပ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲလိုသည့် သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲ အစားထိုးလိုသည့် ပါတီများ သို့မဟုတ် အမတ်များ အများစု အနေအထားတွင် ရှိသည်ဆိုပါစို့... ၁။ ပြုပြင်ပြောင်းလဲလိုသူ အမတ်တစုက အရေးကြီးအဆိုတရပ် တင်သွင်းမည်။ ၂။ ယင်းအဆိုတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းနဲ့ မညီကြောင်း၊ ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တရပ် ရေးဆွဲ၍ အစားထိုးရန် လိုအပ်ကြောင်း ရေးသားဖော်ပြမည်။ ၃။ ထို့နောက် ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်ထောင်စုအစိုးရတို့အနေဖြင့် ဖွဲ့စည်းပုံအသစ် ရေးဆွဲ အစားထိုးရေးကိစ္စများ အလျှင်အမြန် ဆောင်ရွက်ပေးရန် တောင်းဆိုကြောင်း အဆိုကို အရေးကြီးအဆိုအဖြစ် တင်သွင်းမည်။ ၄။ ယင်းအဆိုကို ဆွေးနွေးပြီး ပြည်နယ်နဲ့ တိုင်းလွှတ်တော်တွင် မဲခွဲဆုံးဖြတ်မည်။ ၅။ ပြည်နယ်နဲ့ တိုင်းလွှတ်တော်၏ ဆုံးဖြတ်ချက်ကို ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်ထောင်စုအစိုးရထံ ပေးပို့မည်။ ၆။ အခြားအခြားသော ပြည်နယ်နဲ့ တိုင်းလွှတ်တော်များကလည်း အလားတူ ဆုံးဖြတ်ချက်မျိုး ချမှတ်၍ ဆောင်ရွက်ကြမည်။ ပြည်နယ်နဲ့ တိုင်းလွှတ်တော်အများစုက ဖွဲ့စည်းပုံအသစ် ရေးဆွဲ၍ အစားထိုး ပြဋ္ဌာန်းပေးရန် တောင်းဆိုလာခြင်းသည် ပြည်သူတရပ်လုံး၏ တရားဝင် တောင်းဆိုချက်ဖြစ်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးရန် တာဝန်ရှိလာမည် ဖြစ်သည်။ တာဝန်ရှိသူများ မဆောင်ရွက် ပျက်ကွက်ပါက ပြည်သူ့ဆန္ဒကို ဆန့်ကျင်သူ သမိုင်းတရားခံများ ဖြစ်သွားကြလိမ့်မည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ကို သတ်မှတ်နည်းလမ်းအတိုင်း မဟုတ်ဘဲ ပြင်ဆင်ပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍... နည်းလမ်းအမှတ် (၁) အဖြစ် ပြည်ထောင်စုလွှတ်တော်တွင် အဆိုတင်သွင်း ဆုံးဖြတ်ခြင်းနည်းလမ်းနဲ့ နည်းလမ်းအမှတ် (၂) အဖြစ် ပြည်နယ် (သို့) တိုင်းဒေသကြီး လွှတ်တော်များတွင် အဆိုတင်သွင်း ဆုံးဖြတ်သည့် နည်းလမ်းများကို အများပြည်သူ စဉ်းစားသုံးသပ်နိုင်ရန် တင်ပြခဲ့ပါသည်။ အထက်ပါနည်းလမ်းများသည် လွှတ်တော်များ၌ အစုအဖွဲ့တခု၊ ပါတီတခု၊ မဟာမိတ်ပါတီများ အစုအဖွဲ့တခုခုက လွှတ်တော်အမတ်အများစု အနေအထားရလျှင် အလွယ်တကူ ဆောင်ရွက်နိုင်သော နည်းလမ်းများ ဖြစ်သော်လည်း အကယ်၍ အစုအဖွဲ့တခုအနေဖြင့် အမတ်နေရာအများစု မရလျှင် အဆိုပါ နည်းလမ်းများ အသုံးတည့်မည် မဟုတ်ပါ။ လက်တွေ့ သဘောတရားအရ ပါတီတခုက သို့မဟုတ် အစုအဖွဲ့တခုက လွှတ်တော်တွင် အများစု အနေအထား ရှိသော်လည်း ထိုပါတီ သို့မဟုတ် ထိုအစုအဖွဲ့သည် ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုသည့် အနေအထားတွင် မရှိနိုင်သည့် အခြေအနေမျိုးလည်း ကြုံတွေ့နိုင်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအနေအထားတွင် ယင်းသို့သော အခြေအနေမျိုးကို ကြုံတွေ့ရနိုင်ပါသည်။ ဥပမာအားဖြင့်- လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းသော အမတ်များသည် ပြည်သူလူထုက ရွေးကောက်တင်မြှောက်သည့် အမတ်များမဟုတ်ဘဲ လူတဦးက စိတ်တိုင်းကျ ရွေးချယ်ခန့်အပ် တာဝန်ပေးထားသောသူများဖြစ်ရာ ထို ၂၅ ရာခိုင်နှုန်းသာ ခန့်အပ်ခံရသူများ (တနည်းအားဖြင့် ပြည်သူကို ကိုယ်စားမပြုသူများ) နဲ့ ပါတီတခုကအမတ်များ ပူးပေါင်း၍ လွှတ်တော်၏ ၅၀ ရာခိုင်နှုန်းကျော်ကို အသာစီး ရယူနိုင်လျှင် ထိုလွှတ်တော်မျိုးသည် ပြည်သူတရပ်လုံးကို ကိုယ်စားပြုသည့် လွှတ်တော်ဟု ဆိုရန် မဖြစ်နိုင်တော့ပါ။ အထက်ဥပမာတွင် ဖော်ပြထားသော လွှတ်တော်မျိုး ပေါ်ပေါက်လာပါက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးကိစ္စနဲ့ ပြောင်းလဲရေးကိစ္စများအတွက် လွှတ်တော်ကို အသုံးပြု၍ ဆောင်ရွက်ရန် မဖြစ်နိုင်တော့ပေ။ ထိုကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ရလျှင် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်ကြမည်နည်း။ အထက်ပါအခြေအနေမျိုးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပညာရှင်များ၊ နိုင်ငံရေးသိပ္ပံဆိုင်ရာ ပညာရှင်များနဲ့ စုပေါင်းတိုင်ပင် ဆွေးနွေးအဖြေရှာရန် လိုအပ်ပါသည်။ စာရေးသူဉာဏ်မီသမျှ တင်ပြရပါမူ... ပြည်သူ့ဆန္ဒကို ဖော်ထုတ်ရယူသည့် နည်းလမ်းကို အသုံးပြုနိုင်ပါသည်။ ပြည်သူ့ဆန္ဒကို ဖော်ထုတ်ရယူသည့် နည်းလမ်းမှာ ပုံစံအမျိုးမျိုး ရှိနိုင်ပါသည်။ ယင်းတို့မှာ... ၁။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပ၍ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို မကြိုက်မနှစ်သက်ကြောင်း၊ ဖွဲ့စည်းပုံအသစ်ရေးဆွဲ အစားထိုးပြဋ္ဌာန်းလိုကြောင်း ဆန္ဒဖော်ထုတ်ခြင်းနည်းလမ်း၊ (ယင်းနည်းလမ်းမှာ လက်ရှိ အုပ်ချုပ်သော အစိုးရက တာဝန်ယူ ပြုလုပ်ရမည့် ကိစ္စမျိုးဖြစ်၍ မလွယ်ကူနိုင်ပါ။ သို့သော် ပြည်သူတို့က ဆန္ဒပြပွဲများဖြင့် နေရာအနှံ့ အကြိမ်များစွာ တောင်းဆိုကြမည်ဆိုလျှင် ဖြစ်နိုင်ချေ ရှိပါသည်။) ၂။ အစိုးရက ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပသည့်နည်းလမ်း မဟုတ်ဘဲ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများကတဆင့် ပြည်သူ့ဆန္ဒ ခံယူသည့် နည်းလမ်း၊ (အထက်ပါနည်းလမ်းတွင် အနည်းဆုံး ပုံစံကွဲ ၂ ခု၊ ၃ ခု ရှိနိုင်ပါသည်။ ထို့ထက်လည်း ပိုနိုင်ပါသည်။) ပုံစံ - ၁။ ပြည်သူများက လက်မှတ်ရေးထိုး၍ ဆန္ဒထုတ်ဖော်သည့်နည်းလမ်း။ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ပြည်သူ့ဆန္ဒ လက်မှတ်ပေါင်း ၅ သန်းကျော် ရယူခဲ့သည့်နည်းလမ်းမျိုး) ပုံစံ - ၂။ နိုင်ငံရေးပါတီများ၊ လူမျိုးစုအဖွဲ့အစည်းများ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းအမျိုးမျိုး ကြေညာချက်များ ထုတ်ပြန်၍ တောင်းဆိုသည့် နည်းလမ်း။ ပုံစံ - ၃။ လူထုအစည်းအဝေးကြီးများ ကျင်းပ၍ ဆုံးဖြတ်ချက်များ ချမှတ်တောင်းဆိုသည့် နည်းလမ်း။ အထက်ဖော်ပြပါ နည်းလမ်းများအနက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြု၍ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲရန် ကြိုးပမ်းခြင်းဖြစ်ပါက “သတ်မှတ်နည်းလမ်းအတိုင်း မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြောင်းလဲခြင်း” ဟု ဆိုနိုင်ပါကြောင်း တင်ပြအပ်ပါသည်။ မှတ်ချက် ၁။ အထက်ဖော်ပြပါ စာရေးသူ၏ တင်ပြချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အယူအဆနဲ့ မူဝါဒ မဟုတ်ဘဲ ပုဂ္ဂလိကအမြင်သာ ဖြစ်ကြောင်းနဲ့ ပြည်သူအများ စဉ်းစားနိုင်ရန် “သတ်မှတ်နည်းလမ်းအတိုင်း မဟုတ်ဘဲ ပြင်ဆင်ခြင်း” အတွက် ဥပမာသဘော တင်ပြခြင်းသာဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။ စာရေးသူ၏ တင်ပြချက်ထက် ပိုမိုကောင်းမွန်သော အခြားနည်းလမ်းများစွာ ရှိနိုင်ပါကြောင်းကိုလည်း ကြိုတင်၍၀န်ခံပါသည်။ ၂။ စာရေးသူ၏ ဤဆောင်းပါးကို စိတ်ဝင်စားသည့် ဂျာနယ်၊ သတင်းစာများ အနေဖြင့် ကူးယူဖော်ပြနိုင်ပါသည်။ မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ)
6 years Ago

July 2, 2015

ဖွဲ့စည်းပုံကို သတ်မှတ်နည်းလမ်းအတိုင်း ပြင်မရရင် ဘာဆက်လုပ်မလဲ

ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို ပြင်ဆင်ရာတွင် အခြေခံသဘောတရားဆိုင်ရာ နည်းလမ်း ၂  ရပ်ရှိသည်။ ယင်းတို့မှာ (၁) သတ်မှတ်နည်းလမ်းအတိုင်း ပြင်ဆင်ခြင်း (Formal Way) နှင့် (၂) သတ်မှတ်နည်းလမ်းအတိုင်းမဟုတ်ဘဲ ပြင်ဆင်ခြင်း (Informal Way) ဟူ၍ ဖြစ်ပါသည်။ သတ်မှတ်နည်းလမ်းအတိုင်း ပြင်ဆင်ခြင်းနဲ့ စပ်လျဉ်း၍ ဥပမာပြရလျှင် မြန်မာနိုင်ငံ လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တရပ်ရပ်ကို ပြင်ဆင်လိုလျှင် မည်သို့ပြင်ဆင်ရမည်ကို အခြေခံဥပဒေ၏ အခန်း ၁၂ မှာ ပုဒ်မ ၄၃၃ မှ ၄၃၆ ထိ တွင် အတိအကျ ပြဋ္ဌာန်းသတ်မှတ်ထားသည်ဖြစ်ရာ သတ်မှတ်ထားသည့် ထိုနည်းလမ်းအတိုင်း ပြင်ဆင်ရန် လုပ်ဆောင်ခြင်းကို သတ်မှတ်နည်းလမ်းအတိုင်း ပြင်ဆင်ခြင်းဟု ဆိုလိုပါသည်။ ယခု သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ပြည်ထောင်စုလွှတ်တော်တွင် ပြင်ဆင်ရန် ကြိုးပမ်းခဲ့ ကြရာတွင် ၂၅-၆-၂၀၁၅ နေ့ မဲခွဲဆုံးဖြတ်ချက်အရ မအောင်မြင်ဘဲ ရှုံးနိမ့်သွားခဲ့သည်ကို အများသိကြပြီး ဖြစ်ပါသည်။ မဲပေးသည့် ကိန်းဂဏန်းများကို လေ့လာကြည့်ရာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပေးသည့်ဆန္ဒမဲများကို လေ့လာပါက... မဲပေးခွင့်ရှိသူ - ၅၈၃ ဦး ထောက်ခံမဲပေးသူ - ၃၈၈ ဦး ကန့်ကွက်သူ - ၁၉၅ ဦး ရှိကြောင်း တွေ့ရသည်။ ဆန္ဒမဲပေးသည့် အရပ်သားအမတ်အရေအတွက်မှာ (၅၈၃-၁၆၆) ၄၁၇ ဦးဖြစ်ရာ၊ ကန့်ကွက်သူ အရပ်သား အမတ်အရေအတွက်မှာ (၄၁၇-၃၈၈) ၂၉ ဦး ရှိကြောင်း တွေ့ရသည်။ တနည်းအားဖြင့် ကန့်ကွက်သူ ၁၉၅ ဦးမှ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ဦးကို နုတ်လိုက်ပါက ကန့်ကွက်သူ အရပ်သားအမတ် အရေအတွက်မှာ (၁၉၅-၁၆၆) ၂၉ ဦးဖြစ်သည်။ ကန့်ကွက်သူ အရပ်သားအမတ်များအား ရာခိုင်နှုန်းဖွဲ့လျှင် ၁၀ဝ ÷ ၄၁၇ x ၂၉ = ၇ ရာခိုင်နှုန်းရှိကြောင်း တွေ့ရသည်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ စပ်လျဉ်း၍ အရပ်သားအမတ် ၉၃ ရာခိုင်နှုန်းက ထောက်ခံသည့်တိုင်အောင် ပြင်ဆင်ခွင့် မရကြောင်း တွေ့နိုင်သည်။ (တနည်းအားဖြင့် ပြည်သူ ၉၃ ရာခိုင်နှုန်းက ပြင်ဆင်လိုပါလျက် ပြင်ဆင်ခွင့် မရသည့် သဘောဖြစ်ကြောင်း တွေ့နိုင်ပေသည်။) အထက်ပါ ကိန်းဂဏန်းများနဲ့ အခြေအနေအရပ်ရပ်အရ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို သတ်မှတ် နည်းလမ်း (Formal Way) အတိုင်း ပြင်ဆင်၍ မဖြစ်နိုင်ဆိုသည့် အချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူများ လက်တွေ့ကျကျ နားလည်သဘောပေါက်အောင် (၂၅-၆-၂၀၁၅) နေ့က အခိုင်အမာ သက်သေထူပြခဲ့ပြီး ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကို သတ်မှတ်နည်းလမ်း (Formal Way) အတိုင်း ပြင်ဆင်၍ မရနိုင်တော့လျှင် ဒုတိယနည်းလမ်းဖြစ်သော “သတ်မှတ်နည်းလမ်းအတိုင်း မဟုတ်ဘဲ ပြင်ဆင်ခြင်း” ဆိုသည့် (Informal Way) ကို ရွေးချယ် အသုံးပြုရပါသည်။ သတ်မှတ်နည်းလမ်းအတိုင်း မဟုတ်သော ပြင်ဆင်နည်း (Informal Way) ဆိုသည့် အဓိပ္ပာယ်မှာ အကျဉ်းအားဖြင့် “ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြသတ်မှတ်ထားသည့် နည်းလမ်းမှအပ အခြားနည်းလမ်း တရပ်ရပ်ကို အသုံးပြု၍ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းတို့ကို ဆိုလိုပါသည်။” Informal Way နဲ့ စပ်လျဉ်း၍ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ် (The Hague) မြို့တွင် ၃-၆-၂၀၁၅ ရက်နေ့က အိုင်ဒီအီးအေနဲ့ နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ကြီးမှူးကျင်းပခဲ့သည့် နိုင်ငံတကာမှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပါရဂူများ ပါဝင်သော ဆွေးနွေးပွဲတွင် အချိန်များစွာပေး၍ ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံအတွက် အထူးပြု ဆွေးနွေးပေးရန် စာရေးသူမှ မေတ္တာရပ်ခံ တောင်းဆိုခဲ့သည့်အတွက် အချိန်ပေး ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပါသည်။ “သတ်မှတ်နည်းလမ်းအတိုင်းမဟုတ်သော ပြင်ဆင်ခြင်း” ဟု ဆိုထားသည့်အတွက် စည်းမဲ့၊ ကမ်းမဲ့၊ ပရမ်းပတာ ပြင်ဆင်ခြင်းမျိုးဟု အဓိပ္ပာယ် မထွက်ပါ။ တရားဝင်သော နည်းလမ်းတမျိုးပင် ဖြစ်ပါသည်။ သတ်မှတ်နည်းလမ်းဖြင့် အလုပ်မဖြစ်၍ အလုပ်ဖြစ်အောင် အခြားနည်းလမ်းကို ရွေးချယ်အသုံးပြုသည့် သဘောပင် ဖြစ်ပါသည်။ အချို့က “သတ်မှတ်နည်းလမ်းအတိုင်းပြင်ဆင်ခြင်း” ကို ဥပဒေကြောင်းအရ ပြင်ဆင်ခြင်းဟု ဖွင့်ဆိုကြပြီး “သတ်မှတ်နည်းလမ်းအတိုင်း မဟုတ်ဘဲ ပြင်ဆင်ခြင်း” ကိုမူ နိုင်ငံရေးနည်းလမ်းဖြင့် ပြင်ဆင်ခြင်းဟုလည်း ဆိုကြသည်။ မည်သို့ပင် အဓိပ္ပာယ်ဖွင့်ဆိုကြစေကာမူ “သတ်မှတ်နည်းလမ်းအတိုင်း မဟုတ်ဘဲ ပြင်ဆင်သည့်နည်း” သည် အလွန်ကျယ်ပြန့်ပြီး ပညာရှင်တို့၏ အတွေးအမြင် အယူအဆကို လိုက်၍လည်းကောင်း၊ အခြေအနေကို လိုက်၍လည်းကောင်း ပုံစံအမျိုးမျိုး ရှိနိုင်ပေသည်။ ပြည်သူများ စဉ်းစားနိုင်ရန် နည်းလမ်းတရပ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲပြီးနောက် ပေါ်ပေါက်လာမည့် လွှတ်တော်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အများစုအနေအထားရသည်ဆိုပါစို့ (သို့မဟုတ်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီများ၊ ပူးပေါင်း၍ အများစုအနေအထားရသည်ဆိုပါစို့၊ ထိုအခြေအနေမျိုးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် မကြိုးပမ်းတော့ဘဲ... ၁။ လွှတ်တော် အမတ်တစုက အရေးကြီး အဆိုတရပ် တင်မည်။ ၂။ ယင်းအဆိုတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဒီမိုကရေစီစံနှုန်းများ မညီကြောင်း၊ အကိုးအကားများ တင်ပြမည်။ ၃။ ထို့နောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ဒီမိုကရေစီနိုင်ငံ မည်သည့်အခါမျှ ထူထောင်၍ မရနိုင်ကြောင်း၊ ပြည်သူတို့၏ အခွင့်အရေးလည်း အပြည့်အ၀ မရနိုင်ကြောင်း အကျိုးအကြောင်း ဖော်ပြမည်။ ၄။ ထို့နောက် အထက်ဖော်ပြပါ အကြောင်းများကြောင့် အနာဂတ် မြန်မာနိုင်ငံတော်၏ အကျိုးအလို့ငှာ ဒီမိုကရေစီစံနှုန်းများနဲ့ ကိုက်ညီသော ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တရပ်ကို ပြည်သူ့ဆန္ဒနဲ့အညီ ရေးဆွဲ အတည်ပြုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နဲ့ အညီ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပ ရွေးကောက်တင်မြှောက်၍ နိုင်ငံတော်အား ဆက်လက်စီမံ အုပ်ချုပ်သွားရန် အရေးကြီးအဆို တင်သွင်းမည်။ ၅။ (ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲနေစဉ် ကာလအတွင်း လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် လက်ရှိ လွှတ်တော်နဲ့ လက်ရှိအစိုးရတို့က နိုင်ငံအား စီမံအုပ်ချုပ်သွားမည် ဖြစ်သည်။ ဖွဲ့စည်းပုံအသစ် ရေးဆွဲအတည်ပြုပြီးမှ အစိုးရက လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင်တရပ် ဖွဲ့စည်းကာ လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ်ပြုလုပ်ရန် ဖြစ်သည်။) ၆။ အထက်ဖော်ပြပါအဆိုကို ပြည်ထောင်စုလွှတ်တော်တွင် အချေအတင် ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်မည်။ ၇။ အကယ်၍ အများစုထောက်ခံ၍ အဆိုအတည်ဖြစ်လျှင် လွှတ်တော်၏ အဆိုပါ ဆုံးဖြတ်ချက်သည် ပြည်သူ့ဆုံးဖြတ်ချက်ဖြစ်၍ သက်ဆိုင်သူအားလုံးက ဆုံးဖြတ်ချက်အတိုင်း လိုက်နာ အကောင်အထည် ဖော်ကြမည်ဆိုလျှင် ဒီမိုကရေစီနိုင်ငံသစ်တခု ပေါ်ပေါက်လာနိုင်ချေ ရှိ၊ မရှိ ပြည်သူများ စဉ်းစားနိုင်ရန် တင်ပြအပ်ပါသည်။ မှတ်ချက် ၁။ အထက်ဖော်ပြပါ စာရေးသူ၏ တင်ပြချက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အယူအဆနဲ့ မူဝါဒ မဟုတ်ဘဲ ပုဂ္ဂလိကအမြင်သာ ဖြစ်ကြောင်းနဲ့  ပြည်သူအများ စဉ်းစားနိုင်ရန် “သတ်မှတ်နည်းလမ်းအတိုင်း မဟုတ်ဘဲ ပြင်ဆင်ခြင်း” အတွက် ဥပမာသဘော တင်ပြခြင်းသာဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။ စာရေးသူ၏ တင်ပြချက်ထက် ပိုမိုကောင်းမွန်သော အခြားနည်းလမ်းများစွာ ရှိနိုင်ပါကြောင်းကိုလည်း ကြိုတင်၍ဝန်ခံပါသည်။ ၂။ စာရေးသူ၏ ဤဆောင်းပါးကို စိတ်ဝင်စားသည့် ဂျာနယ်သတင်းစာများ အနေဖြင့် ကူးယူဖော်ပြ နိုင်ပါသည်။ မောင်ကိုနီ (တရားရုံးချုပ်ရှေ့နေ)
6 years Ago
Up