ဖွဲ့စည်းပုံပြင်ဆင်ရေး

July 29, 2019

ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံပွဲ မိတ္ထီလာတွင် ကျင်းပ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲကို မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ဇူလိုင် ၂၈ ရက် ညနေက ပြုလုပ်ခဲ့ပြီး လူဦးရေ ၁၀၀၀ ကျော် ပါဝင်ခဲ့ကြပါတယ်။ မိတ္ထီလာမြို့ သီရိမင်္ဂလာရပ်ကွက် ထီးသုံးဆင့်ဘုရားဝန်းမှာ စုဝေးကြပြီး ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ပြည်ထောင်စုလွှတ်တော် ပူးပေါင်းအစီရင်ခံစာ အတည်ပြုရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်သူ့ဆန္ဒ အောင်ရမည် စတဲ့ ကြွေးကြော်သံတွေနဲ့ ပိုစတာတွေကိုင်ဆောင် ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြသူတွေဟာ နာရီစင်လမ်း၊ သဇင်မြိုင်သံလမ်းကူး GRAND ရုပ်ရှင်ရုံလမ်းတွေမှာ စီတန်းလှည့်လည်ခဲ့ကြပြီးနောက် ပြည်ထောင်စုလွှတ်တော်မှာ ၄၅ ဦး ပူးပေါင်းကော်မတီက တင်သွင်းတဲ့ အစီရင်ခံစာနဲ့ ၂၀၀၈ ခြေဥပြင်ဆင်ရေးအား ထောက်ခံကြောင်း လွတ်လပ်ရေး ကျောက်တိုင်ဝန်းမှာ ဟောပြောခဲ့ကြပါတယ်။ ဦးဆောင်သူ ဦးဇော်မင်းက "၄၅ ဦး ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ အစီရင်ခံစာ တင်သွင်းတာကို ထောက်ခံတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ စာအုပ်ကြီးအရဆိုရင် အချုပ်အခြာအာဏာဟာ တပ်မတော်က ကိုင်စွဲထားတာပါပဲ။ အဲဒီ ၂၀၀၈ ဖွဲ့စည်းပုံကြီးကို ပြင်ဆင်ဖို့ ပြည်သူများက လိုလားနေကြပါတယ်။ ဒီ ၂၀၀၈ ခြေဥက ဒီမိုကရေစီလမ်းစဉ်နဲ့ မကိုက်ညီပါဘူး။ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်စေဖို့ဆိုရင် အဲဒီ ၂၀၀၈ ခြေဥကို ပြင်ဆင်မှသာ ဖြစ်မှာပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။ မိတ္ထီလာမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံဆန္ဒပြတာ အခုအကြိမ်ဟာ ၂ ကြိမ်မြောက် ဖြစ်ပါတယ်။ ပထမအကြိမ်အနေနဲ့ ၂၀၁၉ ခုနှစ် မတ်လက မိတ္ထီလာစက်မှုဇုန်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထောက်ခံ ဆန္ဒပြခဲ့ကြပါတယ်။ သတင်း၊ ဓာတ်ပုံ - မောင်မောင်လင်း  
4 years Ago

July 12, 2019

လွှတ်တော်တင်မည့် ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာ ၄၅ ဦး ကော်မတီဝင်များ အတည်ပြု

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းမယ့်အစီရင်ခံစာကို ၄၅ ဦး ကော်မတီဝင်တွေက အတည်ပြုလက်မှတ်ရေးထိုးလိုက်ပါတယ်။ ဇူလိုင် ၁၂ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် D ဆောင်မှာ ကျင်းပတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်းအဝေးအပြီး အတည်ပြုလက်မှတ် ရေးထိုးလိုက်တာလို့ ပြည်ထောင်စုလွှတ်တော်သတင်းမှာ ဖော်ပြပါတယ်။ ကော်မတီအဖွဲ့ဝင် မကွေးတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ဒီအစီရင်ခံစာကိုလာမယ့်လွှတ်တော်မှာ တင်သွင်းမယ်၊ အစီရင်ခံစာအပေါ် လွှတ်တော်ကိုယ်စားလှယ်တွေက ၀င်ရောက်ဆွေးနွေးကြမယ်လို့ ပြောပါတယ်။ အခုအစီရင်ခံစာဟာ ပါတီအလိုက် အဖွဲ့အစည်းအလိုက် ပြင်ဆင်လိုတဲ့ အချက်တွေကို စုစည်းထားတာလို့ သိရပါတယ်။ လာမယ့် ဇူလိုင် ၁၅ ရက်နေ့ ပြန်ကျင်းပမယ့် ၁၃ ကြိမ်မြောက် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စနဲ့ အစိုးရဘတ်ဂျက်အတည်ပြုရေး ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးဆုံးဖြတ်ကြမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်းကော်မတီကို ပြီးခဲ့တဲ့ မေလက တပ်မတော်သားကိုယ်စားလှယ်တွေအပါအ၀င် ကော်မတီဝင် ၄၅ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။ ကော်မတီရဲ့ ၂၅ ကြိမ်မြောက် အစည်းအဝေးအပြီးမှာတော့ ပြည်ထောင်စုလွှတ်တော် တင်သွင်းမယ့် အစီရင်ခံစာကို ၄၅ ဦး ကော်မတီဝင်တွေက အတည်ပြုလက်မှတ်ရေးထိုးခဲ့တာပါ။
4 years Ago
More News
Up