ဖြေလျှော့

May 4, 2020

တောင်ကိုရီးယားတွင် လူချင်းခွာစည်းမျဉ်း ဖြေလျှော့ပေးပြီး ကစားကွင်းများ၌ လူစည်ကား

တောင်ကိုရီးယားနိုင်ငံမှာ လူချင်းခွာနေရမယ့် စည်းမျဉ်းတွေကို ဖြေလျှော့ပေးအပြီး မေလ ၃ ရက်မှာ ဆိုးလ်မြို့တော်က ပြည်သူတွေ အပန်းဖြေ ကစားကွင်းဆီကို စုပြုံသွားခဲ့ကြပါတယ်။ လာရောက်လည်ပတ်သူ အများစုက မျက်နှာဖုံးတွေကို ဝတ်ဆင်ထားပါတယ်။ ပန်းခြံထဲမှာ လူတိုင်း ၂ မီတာခွာပြီး ဆက်နေကြဖို့နဲ့ ဝင်ပေါက်မှာလည်း အလည်လာသူ အားလုံးကို ကိုယ်ပူချိန် စစ်ဆေးပါတယ်။  ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအမြင့်ဆုံး ရောက်နေချိန်မှာတောင် အပန်းဖြေ ကစားကွင်းတွေကို မပိတ်ခဲ့ပေမယ် အရင်သီတင်းပတ်တွေအတွင်း လာလည်သူ အင်မတန် နည်းခဲ့ပါတယ်။ တရုတ်နိုင်ငံ ပြင်ပမှာ ကူးစက်ခံ အများဆုံး ဖြစ်ခဲ့ဖူးတဲ့ တောင်ကိုရီးယားဟာ ကူးစက်ခံ အလားအလာ ရှိသူတွေကို အကြီးအကျယ် စစ်ဆေးတာနဲ့ ထိတွေ့မိဖူးသူတွေကို တရစပ် ခြေရာခံတာတွေ အပါအဝင် လုပ်ဆောင်ချက်တွေကြောင့် ကူးစက်ကပ်ဘေးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ရုပ်ရှင်ရုံတွေလည်း ပြန်ဖွင့်ထားပါတယ်။ မေ ၆ ရက်ကစတင်ကာ လူချင်းခွာနေရမယ့် စည်းမျဉ်းတွေကို ထပ်ဖြေလျှော့ပြီး စီးပွားရေး လုပ်ငန်းတွေကို အပိုင်းလိုက် ပြန်ဖွင့်ပေးမှာဖြစ်သလို လူစုလူဝေးပွဲတွေကိုလည်း ပိုးသတ်မှု လမ်းညွှန်တွေ လိုက်နာပါက ပြန်ခွင့်ပြုသွားမယ်လို့ တောင်ကိုရီးယား အစိုးရက ကြေညာပါတယ်။  တောင်ကိုရီးယားမှာ မေ ၄ ရက်နေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၈၀၁ ဦးနဲ့ သေဆုံးသူ ၂၅၂ ဦး ရှိခဲ့ပါတယ်။
12 months Ago
Up