ဖြူးမြို့ရဲစခန်း

January 3, 2021

ဖြူးမြို့ရဲစခန်းမှ ထွက်ပြေးသွားသည့် အချုပ်သား ၁ ဦးကို ပြန်ဖမ်းမိ

ပဲခူးတိုင်း၊ ဖြူးမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်း ရဲ ယာယီအချုပ်ခန်းကနေ ထွက်ပြေးလွတ်မြောက်သူတွေထဲက ၁ ဦးကို ဒီနေ့မနက် ပြန်ဖမ်းမိခဲ့တယ်လို့ ဖြူးမြို့နယ်ရဲတပ်ဖွဲမှူးရုံး တာဝန်ရှိသူက ပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့ညက ယာယီအချုပ်ခန်းကနေ အချုပ်သား ၃ ဦး ထွက်ပြေးခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်း မူးယစ်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ အချုပ်သားကို ပြန်ဖမ်းမိခဲ့ပြီး ၂ ဦးကတော့ လွတ်မြောက်သွားတာပါ။  ထွက်ပြေးလွတ်မြောက်သွားတဲ့ အချုပ်သား နှစ်ဦးထဲက လုယက်မှုနဲ့ တရားရင်ဆိုင်နေရတဲ့ နေထက်လင်းကို ဇေယျဝတီမြို့က သူနေထိုင်တဲ့ ရပ်ကွက်အနီးမှာ ဒီနေ့မနက် ပြန်လည်ဖမ်းဆီးမိခဲ့တာပါ။  မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူး အောင်လွင်ငြိမ်းက “သူက ဇေယျဝတီမှာနေတာ ပြန်ရောက်တယ်ကြားလို့ ကင်းပုန်းဝပ် ဖမ်းလိုက်တာ။ ၂၂၄ နဲ့ ဒီနေ့အမှုဖွင့်မယ်" လို့ DVB ကို ပြောပါတယ်။ ပြန်လည်ဖမ်းဆီးရမိတဲ့ အချုပ်သား နှစ်ဦးကို ဖမ်းဆီးချုပ်နှောင်ထားရာမှ ထွက်ပြေးမှု ပုဒ်မ ၂၂၄ နဲ့ အမှုဖွင့်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ ခိုးမှုနဲ့ တရားရင်ဆိုင်နေရပြီး ထွက်ပြေးလွတ်မြောက်သွားတဲ့ ကျန်ရှိတရားခံကို ဖမ်းဆီးမိရေးအတွက်လည်း စုံစမ်းနေတယ်လို့ ဆိုပါတယ်။ ပုဒ်မ ၂၂၄ ဟာ ထောင်ဒဏ် ၂ နှစ်ထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။
10 months Ago

January 1, 2021

ဖြူးမြို့ရဲစခန်းက အချုပ်ကျ တရားခံ ၂ ဦး ထွက်ပြေးလွတ်မြောက် 

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့မရဲတပ်ဖွဲစခန်းမှာ ဒီဇင်ဘာ ၃၁ ရက် မနက်အစောပိုင်းက အချုပ်ကျ တရားခံ ၂ ဦး အချုပ်ဖောက်ထွက်ပြေးသွားတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ အဆိုပါတရားခံ ၂ ဦးမှာ ခိုးမှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပြီး အခုလက်ရှိအချိန်အထိ ပြန်လည်ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းနဲ့ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး စိစစ်ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်လွင်ငြိမ်းက ဒီဗွီဘီကိုပြောပါတယ်။ "ဟုတ်ပါတယ်။ ခိုးမှုတရားခံတွေပါ။ လက်ရှိမှာတော့ စိစစ်ဆဲပါ။ ဖောက်ထွက်တာ ဟုတ်မဟုတ်ကို ပြန်စိစစ်နေပါတယ်"။ အရင်ရက်ပိုင်းက ဖြူးမြို့မရဲတပ်ဖွဲစခန်းမှာ ချုပ်နှောင်ထားတဲ့အချုပ်သားတွေကို ကိုဗစ်-၁၉ ရောဂါစစ်ဆေးရာမှာ အချုပ်သားတချို့မှာ ရောဂါပိုးတွေရှိခဲ့တာကြောင့် ရောဂါပိုး မတွေ့ရှိတဲ့ အချုပ်သားတချို့ကို စခန်းဓမ္မာရုံမှာ သီးခြားခွဲ ချုပ်နှောင်ထားတာပါ။  အခုထွက်ပြေးသွားသူ အချုပ်သားနှစ်ဦးဟာ အဆိုပါဓမ္မာရုံမှာ ထားရှိထားသူတွေဖြစ်ပြီး ဓမ္မာရုံအိမ်သာခန်းရှေ့မှာရှိတဲ့ ပျဉ်ပြားတချို့ကိုခွာပြီး ထွက်ပြေးသွားတာဖြစ်တယ်လို့လည်း သိရပါတယ်။ သတင်း - ကျော်အောင်(ကညွတ်ကွင်း)
10 months Ago
Up