ဖြူကောင်အသားတုံး

May 5, 2020

ထိုင်းတွင် ဖြူကောင်အသားတုံးများ သယ်ဆောင်လာသည့် မြန်မာ ၂ ဦး ဖမ်းဆီးခံရ 

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင်ထဲမှာ ဖြူကောင်ရဲ့ အသားတုံးတွေ သယ်ဆောင်လာတဲ့ မြန်မာ ၂ ဦး ဖမ်းဆီးခံရတယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြပါတယ် ။  ကန်ကျနပူရီခရိုင် ထောင်းန်ဖာဖူးမြို့နယ် ပါပွန်သစ်တောကြိုးဝိုင်းအနီး ဘန့်လိုက်-ချိန်းခေါင် သွားလမ်းမကြီးပေါ်မှာ တာဝန်ရှိသူတွေက မနေ့ကစောင့်ကြပ်စစ်ဆေးစဉ် အဝါရောင် လိုင်းကားတစီးကို တာဝန်အရ တားဆီးစစ်ဆေးရင်း ကားနောက်ခန်းမှာ ဥပဒေက တားမြစ်ထားတဲ့ တောရိုင်းတိရစ္ဆာန်အသားတုံးတွေကို တွေ့ရှိခဲ့တာလို့ ပါပွန်သစ်တောဦးစီးဌာန ဦးစီးမှူး နိုင်းနိဖန်း ကျန်နုန်းဆီဆဒ်က သတင်းထောက်တွေကို ပြောပါတယ်။  အဆိုပါ အသားတုံးမှာ ဖြူကောင်တွေရဲ့ အသားတုံးဖြစ်ပြီး စုစုပေါင်း ၃ ခုရှိကြောင်း၊ ဖြူကောင်ဟာလည်း ဥပဒေကကာကွယ်ပေးထားတဲ့ တောရိုင်းတိရစ္ဆာန်ထဲမှာ အပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။  ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက ယာဉ်မောင်းဖြစ်သူ သက်ထွန်းဝင်း (မြန်မာ) နဲ့ မနွယ် (မြန်မာ) တို့ နှစ်ဦးကို ဖမ်းဆီးအရေးယူထားပါတယ်။  သူတို့တွေမှာ ဆယ်နှစ်ခံ ပန်းရောင်သက်သေခံကတ်တွေ ရှိကြပေမယ့်လည်း တားမြစ်ထားတဲ့ တိရစ္ဆာန် အသားတုံးတွေ သယ်လာတာကြောင့် တောတွင်းတိရစ္ဆာန်ကာကွယ်ရေး ဥပဒေအရ အရေးယူခံရမှာဖြစ်ပါတယ်။  မည်သူမဆို ကန့်သတ်ထားတဲ့ တောတွင်းတိရစ္ဆာန်များအား ဖမ်းဆီး၊ ချုပ်နှောင်၊ နှိပ်စက်သတ်ဖြတ်ကြောင်း ပြစ်မှုထင်ရှားက ၅ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်၊ ဘတ် ၅ သိန်းထက်မပိုတဲ့ ငွေဒဏ်၊ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမယ်လို့  သတင်းမှာ ဖော်ပြပါတယ်။  ကိုးကား- မန်နေဂျာအွန်လိုင်း
12 months Ago
Up