ဖြိုးပြည့်စုံ

October 22, 2020

တင်ဇာမော်၊ ဂျူဝယ်လ်၊ ဖြိုးပြည့်စုံတို့ပါဝင်မည့် အွန်လိုင်းဂီတဖျော်ဖြေပွဲ ကျင်းပမည်

ပရိသတ်အချစ်တော် တေးသံရှင်တွေဖြစ်ကြတဲ့ တင်ဇာမော်၊ ဂျူဝယ်လ်နဲ့ ဖြိုးပြည့်စုံတို့ ပါဝင်ကြမယ့် အွန်လိုင်းဂီတဖျော်ဖြေပွဲတခုကို လာမယ့် အောက်တိုဘာ ၂၉ ရက်မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။ High-Street Live Concert လို့ အမည်ပေးထားတဲ့ ဒီပွဲကိုတော့ ဖျော်ဖြေပွဲကြီးတွေ မကျင်းပနိုင်သေးခင်ကာလမှာ ပုံမှန်အတိုင်းဖျော်ဖြေတဲ့ ဂီတဖျော်ဖြေပွဲလိုမျိုး ခံစားနိုင်ဖို့ Virtual Live Music Concert အနေနဲ့ MPT နဲ့ပူးပေါင်းတင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ည ၈ နာရီတိတိမှာ တိုက်ရိုက်လိုက်ဖ်ဖျော်ဖြေသွားကြမယ့် ဒီဂီတဖျော်ဖြေပွဲကို တော့ MPT နဲ့ High Street Live Concert တို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ ကြည့်ရှု နိုင်မှာဖြစ်ပါတယ်။ အသက် ၄၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် တင်ဇာမော်ဟာ ၁၉၉၃ ခုနှစ်မှာ ကျင်းပတဲ့ ဦးစောနု သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပထမဆုရရှိခဲ့ပြီး ဂီတလောကထဲကို ရောက်ရှိလာခဲ့တာပါ။ ၁၉၉၅ ခုနှစ်မှာတော့ ‘စွဲလမ်းမှုပြဿနာ’တကိုယ်တော်တေးအယ်လ်ဘမ် ထွက်ရှိခဲ့ပြီး အဲဒီနောက်အချိန် ၂ နှစ်အကြာ ၁၉၉၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘ကြင်နာသူ နှစ်ဦး ဆုံနိုင်ရင်’ကတော့ သူ့ကို တင်ဇာမော်လို့ သိသွားစေခဲ့တဲ့ တေးအယ်လ်ဘမ် ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၉၉ ခုနှစ်မှာတော့ ‘အချစ်ကျောင်းသူ’၊ ထွန်းအိန္ဒြာဗို၊ မဒီတို့နဲ့ အတွဲခွေအဖြစ် ထွက်ရှိခဲ့တဲ့ ‘သုံးယောက်စကား’၊ ထွန်းအိန္ဒြာဗိုနဲ့ ၂ ယောက်တွဲ ထွက်ရှိခဲ့တဲ့ ‘မျက်စိမှိတ်ပြီး ချစ်လိုက်ပါ’စတဲ့ တေးအယ်လ်ဘမ်တွေဟာလည်း ထင်ရှားပါတယ်။ အဲဒီနောက်မှာတော့ ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင်ဇာမော်ရဲ့ တင်ဇာမော်’၊ ၂၀၀၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘ကြယ်စင်လိုအချစ်များ’၊ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ‘တင်ဇာမော်ရဲ့ တင်ဇာမော် ၂’စတဲ့ တေးအယ်လ်ဘမ်တွေ ထွက်ရှိခဲ့ပြီးနောက်မှာ ဂီတလောကကနေ နှစ်အတန်ကြာ ပျောက်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်မှာတော့ ‘ကိုယ့်မွေးနေ့’အမည်နဲ့ တကိုယ်တော်တေးဂီတ ဖျော်ဖြေပွဲနဲ့အတူ တကျော့ပြန်ဝင်ရောက်လာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ တကျော့ပြန်တင်ဇာမော်ကို ပရိသတ်တွေ အသိအမှတ်ပြုကြရတဲ့ ‘Seven’ဆိုတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်နဲ့အတူ တေးဂီတဆုတွေ ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာပဲ Myanmar Idol Season 2 ရဲ့ ဒိုင်တဦးအဖြစ်ပါဝင်ခဲ့ကာ လက်ရှိ Season 4 မှာလည်း အောင်ကိုလတ်၊ ဖြူဖြူကျော်သိန်းတို့နဲ့အတူ ဒိုင်တဦးအနေနဲ့ ပါဝင် တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဂျူဝယ်လ်နဲ့ ဖြိုးပြည့်စုံတို့ကိုလည်း ပရိသတ်တွေကို အထူးမိတ်ဆက်ပြောပြပေးစရာလိုမယ် မထင်ပါဘူး။ သူတို့ ၂ ယောက်လုံးကတော့ ရွက်ပုန်းသီးဂီတကြယ်ပွင့်တွေ မွေးထုတ်ပေးရာ နာမည်ကြီး သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ The Best of Melody World သီ ချင်းဆိုပြိုင်ပွဲကတဆင့် ဂီတလမ်းကြောင်းပေါ် လျှောက်လှမ်းလာခဲ့သူတွေ ဖြစ်ပါတယ်။ အလွမ်းအဆွေး သီချင်းတွေနဲ့ နာမည်ကြီးတဲ့ အဆိုတော် ဖြိုးပြည့်စုံကတော့ ၂၀၁၀ ပြည့်နှစ် The Best Of Melody World ပြိုင်ပွဲမှာ Winner ဆုရရှိခဲ့ပြီး ပရိသတ်အားပေးမှု ရရှိခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အွန်လိုင်းပေါ်ကနေတဆင့် သိမ်းထားတဲ့ အချစ်၊ လရိပ်၊ မျှော်နိုင်သမျှ စတဲ့ သီချင်းလေးတွေကို မျှဝေရင်း ပရိသတ်ကြား ရေပန်းစားခဲ့ပြီး တကိုယ်တော် သီချင်းအယ်လ်ဘမ်ကိုတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိနိုင်ခဲ့ပါတယ်။ အဲဒီအယ်လ်ဘမ်နဲ့တင် ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ဖြိုးပြည့်စုံဟာ အတွဲသီချင်း အယ်လ်ဘမ်တွေမှာရော၊ အုပ်စုလိုက် သီချင်းအယ်လ်ဘမ်တွေမှာပါ သီဆိုခဲ့ပြီး ရေပန်းစားခဲ့သူ ဖြစ်ပါတယ်။ ဂျူဝယ်လ်ကတော့ အလွမ်းမှတ်တိုင်၊ မချစ်ချင်တော့ပြီစတဲ့ တကိုယ်တော် သီချင်းတွေအပြင် ကောင်းကောင်းနဲ့ စုံတွဲသီဆိုထားတဲ့ ပျော်နေပါ၊ ဖြိုးပြည့်စုံနဲ့ စုံတွဲသီဆိုထားတဲ့ အချစ်ဦးစတဲ့ သီချင်းတွေနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့သူတဦး ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂျူဝယ်လ်ဟာ တကိုယ်တော်တေးအယ်လ်ဘမ်တချပ်လည်း ထွက်ရှိထားခဲ့ပြီဖြစ်ကာ မိန်းမတယောက်ရဲ့ ဖွင့်ဟဝန်ခံချက်၊ ပပဝတီစီရင်ခန်း ရုပ်ရှင် ဇာတ်ဝင်တေးသီချင်းတွေနဲ့လည်း ပရိသတ်အားပေးမှုတွေ ရရှိထားခဲ့တာ ဖြစ်ပါတယ်။ ခုတခါမှာတော့ သူတို့ ၃ ယောက် ထူးထူးခြားခြား တွဲဖက်သီဆိုဖျော်ဖြေကြမယ့် High-Street Live Concert မှာ ပရိသတ်တွေကို ဘယ်သီချင်းတွေနဲ့ ဖျော်ဖြေပြီး ဖမ်းစား ထားနိုင်ဦးမလဲဆိုတာကိုတော့ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။
2 years Ago

August 21, 2020

ဖြိုးပြည့်စုံ ပြန်လည်သီဆိုမှုနှင့် ခံစားနားဆင်ရမည့် နာမည်ကျော်-“နွဲ့ဆိုး”သီချင်း(ရုပ်သံ)

       “အသည်းစွဲတဲ့ နွဲ့ဆိုးပျို… ချစ်အားပိုလို့နေသူခင့်ကို… မခွဲဘူးကွဲ့တစ်သက်လုံးကို … မက်မဆုံးနဲ့သာ ယုံပါပျို… နွဲ့ဆိုးနွဲ့ဆိုး ဆိုးရှာသူပျို… ကျနော့်ကိုသာပဲ သူဆိုးကာပို… ခင်တာမင်တာ သဒ္ဓါစုံတွေပို… ခင်တာမင်တာသဒ္ဒါစုံတွေပို… ကျနော့်အတွက်ကို ဘယ် အရာမဆို… အားလည်းကိုးတဲ့ပျို… တကယ်ပင်အသက်မကချစ်သူပျို… ခုတော့ ချစ်အား ပို… သည်းခံကာ ကျနော့်မှာဆို… နွဲ့နွဲ့နွဲ့ကာဆိုးတော့… သနားကာပင် သူ့ကိုသဒ္ဓါကပို”        ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “နွဲ့ဆိုး” သီချင်းထဲက တေးသွားစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။        တေးရေး တက္ကသိုလ်စိုး ရေးဖွဲ့ခဲ့တဲ့ ဒီသီချင်းကိုတော့ ရာဇာဝင်းတင့်၊ အောင်ရင် စတဲ့ အဆိုတော်တွေအပြင် နောက်ထပ်အဆိုတော်ပေါင်းများစွာ ပြန်လည်သီဆိုခဲ့ကြပြီး လက်ရှိအချိန်ထိတိုင်အောင် ကျော်ကြားနေဆဲ သီချင်းတပုဒ် ဖြစ်ပါတယ်။ ခုတခါမှာတော့ ဒီသီချင်းကို ပရိသတ်အချစ်တော် တေးသံရှင် ဖြိုးပြည့်စုံရဲ့ သီဆိုမှုနဲ့ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။        “နွဲ့ဆိုးပျိုးနွဲ့ဆိုးပျို… ဘဝင်မှာ အဆင်ကို အချစ်ထူးသလို… နွဲ့ဆိုးပျိုနွဲ့ဆိုးပျို မ မုန်းဘူးခင့်ကို ချစ်မယ်ဆို… သူ့ကိုမြင်ရင် မနေတတ်သလို… တမျိုးပဲစိတ်မှာဖို… သူ့ကို မမြင်ရင် မနေတတ်သလို… တမျိုးပဲစိတ်မှာဖို… ကပိုကယိုလေးနဲ့ သူ့မှာဆို… ပြုံးနွဲ့ပါတဲ့ ပျို… ကျနော့်မြင်ရင် သူ့မှာနဂို… နွဲ့နွဲ့နွဲ့ကာဆိုးတော့… သနားကာပင် သူ့ကိုသဒ္ဓါကပို”        အလွမ်းအဆွေး သီချင်းတွေနဲ့ နာမည်ကြီးတဲ့ အဆိုတော် ဖြိုးပြည့်စုံဟာ မြန်မာပြည်ရဲ့ အောင်မြင်တဲ့ အဆိုတော်တွေ မွေးထုတ်ပေးရာ သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ The Best Of Melody World သီချင်းဆိုပြိုင်ပွဲစင်မြင့်ကနေ ဂီတလောကထဲ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေ ရွက်ပုန်းသီး ဂီတအနုပညာရှင်တွေကို ရွေးချယ်မွေးထုတ်ပေးနိုင်ခဲ့ပြီး ထက်နေကြည်၊ ချမ်းချမ်း၊ နီနီခင်ဇော်၊ အိုင်ရင်းဇင်မာမြင့်၊ ကောင်းကောင်း၊ ဂျူဝယ်လ် စတဲ့ နာမည်ကြီး တေးသံရှင်တွေ အများအပြား ထွက်ရှိလာခဲ့ပါတယ်။ ဖြိုးပြည့်စုံကတော့ ၂၀၁၀ ပြည့်နှစ် The Best Of Melody World ပြိုင်ပွဲမှာ Winner ဆုရရှိခဲ့ပြီး တစ,တစ ပရိသတ်အားပေးမှု ရရှိခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အွန်လိုင်းပေါ်ကနေတဆင့် သိမ်းထားတဲ့ အချစ်၊ လရိပ်၊ မျှော်နိုင်သမျှ စတဲ့ သီချင်းလေးတွေကို မျှဝေရင်း ပရိသတ်ကြား ရေပန်းစားခဲ့ပြီး တကိုယ်တော် သီချင်းအယ်လ်ဘမ်ကိုတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိနိုင်ခဲ့ပါတယ်။ အဲဒီအယ်လ်ဘမ်နဲ့တင် ပရိသတ်အားပေးမှုရရှိခဲ့တဲ့ ဖြိုးပြည့်စုံဟာ အတွဲသီချင်း အယ်လ်ဘမ်တွေမှာရော၊ အုပ်စုလိုက် သီချင်းအယ်လ်ဘမ်တွေမှာပါ သီဆိုခဲ့ပြီး ရေပန်းစားခဲ့သူ ဖြစ်ပါတယ်။        လာမယ့် ဩဂုတ်လ ၂၂ ရက်နေ့မှာလည်း ဖြိုးပြည့်စုံဟာ အဆိုတော် အောင်ထက်နဲ့အတူ FG Live Lounge အွန်လိုင်းဂီတဖျော်ဖြေပွဲမှာ ပါဝင်သွားဖို့ ရှိပါတယ်။
3 years Ago
More News
Up