ဖြတ်သန်းသွားလာချိန်

May 15, 2020

ကမမောင်း-ဖာပွန်ကားလမ်း ဖြတ်သန်းသွားလာချိန် တပ်မတော် ကန့်သတ်

ကရင်ပြည်နယ်အတွင်း ကမမောင်း-ဖာပွန်သွား ကားလမ်းမကြီးကို တပ်မတော်က နယ်မြေလုံခြုံရေးအရ ဖြတ်သန်းသွားလာချိန်ကို ပိတ်ပင်ကန့်သတ်လိုက်တယ်လို့ ကရင်ပြည်နယ် ပစ်ခတ်တိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ  (JMC-s) အရပ်သားကိုယ်စားလှယ် (ဖာပွန်)ဦးမျိုးချစ်က က ဒီဗွီဘီကို ပြောပါတယ်။ မေ ၆ ရက်နေ့ကစတင်ပြီး တပ်မတော်နဲ့ ကေအန်ယူ တပ်မဟာ ၅ တို့တိုက်ပွဲဖြစ်ပွား ပြီးနောက် မေ ၈ ရက် ညနေကစတင်ကာ ကေအန်ယူဘက်က ယာဉ်သွားလာမှု  ယာယီပိတ်ထားလိုက်ပြီးနောက် တပ်မတော်ဘက်က အခုလို ဖြတ်သန်းသွားလာမှုတွေကို ကန့်သတ်လိုက်တာပါ။ ကရင်ပြည်နယ် (JMC-s)အရပ်သားကိုယ်စားလှယ်(ဖာပွန်)ဦးမျိုးချစ်က "တပ်မတော်ဘက်ကနေ ပြီးတော့ နယ်မြေလုံခြုံရေး အခြေအနေအရ ညနေ ၆ နာရီ မနက် ၆ နာရီ ပိတ်လိုက်တယ်။ ဒီလိုပစ်ခတ်တိုက်ခိုက်မှုတွေ၊ လမ်းပိတ်ဆိုမှုတွေက မေ ၁၆ ရက်နေ့ကျရင် နေပြည်တော် UPDJC မှာ ဆွေးနွေးဖို့ရှိတယ်။ ဆွေးနွေးပြီးရင်တော့ အဆင်ပြေသွားမယ်လို့ ထင်တယ်"လို့ ပြောပါတယ်။ ခရီးသွားလာမှုကို အချိန်ကန့်သတ်လိုက်တဲ့အတွက် တော်တော်ဒုက္ခရောက်တယ်လို့ ​​ဒေသခံခ ရီးသွားတွေက ပြောပါတယ်။ ဖာပွန်မြို့နယ်၊ ဝှေ့မှုန်ကျေးရွာ၊ ဦးသန်းဝင်းက "အခုက ခရီးသွားပြည်သူတွေတော်တော် ဒုက္ခရောက်တယ်။ ကျန်းမာရေးနဲ့ပတ်သက်ရင် စိုးရိမ်ရတဲ့လူနာဆိုရင် ဘယ်လိုလုပ်မလဲ"လို့ ဆိုပါတယ်။ တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း COVID- 19 ကာကွယ်တားဆီးရေး ရောဂါစစ်ဆေးရေးစခန်းဖွင့်လှစ်တာနဲ့ပတ်သက်ပြီး တပ်မတော်က ဝင်ရောက်ဟန့်တားပြီး ယာယီတဲတွေကို မီးရှို့ဖျက်ဆီးလိုက်တဲ့အတွက် နှစ်ဖက်တင်းမာမှုဖြစ်ပွားပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ မေ ၁၄ ရက် မနက် ၈ နာရီလောက်ကလည်း  ကမမောင်း-ဖာပွန်ကားလမ်းမကြီးဘေး ရေပူအေးစခန်းအနီးမှာ မိနစ်အနည်းငယ်လောက် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကေအန်ယူနဲ့ တပ်မတော်တို့ကြား ပစ်ခတ်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့အတွက် စားဝတ်နေရေးအတွက် ရှာဖွေလုပ်ကိုင်စားသောက်ဖို့ အခက်အခဲဖြစ်သလို ​မြေမြုပ်မိုင်းအန္တရယ်ကိုပါ ဒေသခံတွေအနေနဲ့ စိုးရိမ်နေရပါတယ်။ နှစ်ဘက်တိုက်ပွဲတွေ အခြေအနေနဲ့ ခရီးသွားလာမှု ကန့်သတ်တာတွေနဲ့ပတ်သက်ပြီး တပ်မတော်(ရတခ) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးမောင်မောင်လတ်ကို ဆက်သွယ်မေးမြန်းရာမှာ မေးမြန်းခွင့် မရခဲ့ပါဘူး။ သတင်း-ရဲမင်းခေါင်
11 months Ago
Up