ဖြစ်ရပ်မှန်

March 2, 2020

ဖြစ်ရပ်မှန် အခြေပြု စုံစမ်းဖော်ထုတ် ဟောလိဝုဒ်ဒရာမာရုပ်ရှင်-Run This Town(နမူနာ)

ဖြစ်ရပ်မှန် အခြေပြု စုံစမ်းဖော်ထုတ် ဟောလိဝုဒ်ဒရာမာအမျိုးအစား ရုပ်ရှင်ကား တကားဖြစ်တဲ့ Run This Town ကို ခုသီတင်းပတ်ထဲမှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။ ဒီကားကိုတော့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ Ricky Tollman က ကိုယ်တိုင်ဇာတ်ညွှန်းခွဲကာ ကိုယ်တိုင် ရိုက်ကူးပုံဖော်ပေးထားတာဖြစ်ပြီး Oscilloscope နဲ့ Elevation Pictures တို့က ပူးပေါင်းတင်ဆက်လိုက်တာပါ။ Bram ဟာ တိုရွန်တိုသတင်းစာတစောင်ရဲ့ သတင်းထောက်ယောက်ဖြစ်ပြီး ဘဝ ကို ပုံမှန်ပဲ ဖြတ်သန်းနေသူတယောက်ပါ။ အဲဒီအချိန်ကာလမှာတော့ မြို့တော်ဝန်အနေနဲ့ သက်တမ်း ၂ ကြိမ်တိုင်တိုင် တင်မြှောက်ခံခဲ့ရတဲ့ Rob Ford လက်ထက်ဖြစ်ပြီး သူ့ရဲ့ ရန်ပုံငွေ အရှုပ်တော်ပုံသတင်းတွေကို Bram တယောက် မျှော်လင့်မထားဘဲ သိလိုက်ရချိန်မှာတော့ ဒါကို စုံစမ်းထောက်လှမ်းဖို့ ဖြစ်လာပါတော့တယ်။  အဲဒီအခြေအနေမှာ သူ့အနေနဲ့ ဒီသတင်းကို ဘယ်လို ခြေရာခံမလဲ၊ လိုအပ်တဲ့ အချက်အလက်တွေကို ဘယ်လို စုံစမ်းဖော်ထုတ်မလဲဆိုတာတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဟောလိဝုဒ် သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Ben Platt၊ Nina Dobrev၊ Mena Massoud နဲ့ Damian Lewis တို့က ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြ ကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင် မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ IMDb မှာ Rating 7 အထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကို South by Southwest ရုပ် ရှင်ပွဲတော်မှာ ကနဦးပြသခဲ့ပါတယ်။ တကယ်တမ်းက ဒီရုပ်ရှင်ကားဟာ ဖြစ်ရပ်မှန် အခြေပြုရုပ်ရှင်ကားတကား ဖြစ်ပြီး တကယ့်ပြင်ပက ဒီအမှုကို စုံစမ်းဖော်ထုတ်ခဲ့တဲ့ Investigative Journalist အမျိုး သမီး Robyn Doolittle အစား အမျိုးသား ဂျာနယ်လစ်တယောက်အဖြစ် ဇာတ်ကောင် ပြောင်းလဲလိုက်တဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေတာပါ။ ကြာမြင့်ချိန် ၉၉ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ အမေရိကန်နဲ့ ကနေဒါမှာ လာမယ့် မတ်လ ၆ ရက်နေ့က စတင်ပြီး ရုံတင်ပြသသွားမယ်လို့ ကြေညာထားပါတယ်။
1 year Ago
Up