ဖျာပုံဆေးရုံတွင် ကုသနေသည့် ဆင်းရဲနွမ်းပါးသူများကို အလှူရှင်များ နေ့စဉ် ဒါနပြုကျွေးမွေး

December 6, 2019

ဖျာပုံဆေးရုံတွင် ကုသနေသည့် ဆင်းရဲနွမ်းပါးသူများကို အလှူရှင်များ နေ့စဉ် ဒါနပြုကျွေးမွေး

ဧရာဝတီတိုင်း၊ ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဆေးရုံ လာတက် ဆေးကုသခံယူနေတဲ့ လူနာတွေနဲ့ လူနာစောင့်တွေကို နေ့စဉ် မနက်စာ၊ နေ့လယ်စာနဲ့ ညစာ ထမင်း အလှူဒါနပြု ကျွေးမွေးနေပါတယ်။ အလှူရှင်တွေနဲ့ စေတနာချင်းယှက် ဖေးကူလက် အာဟာရသုခနှင့် ဆက်အဖွဲ့က နေ့စဉ် မနက်စာ၊ နေ့လယ်စာ၊ ညနေစာ ထမင်းလှူဒါန်းနေတဲ့အတွက် ထမင်းစာရိတ်ကုန်ကျမှုမရှိဘဲ အဆင်ပြေနေတယ်လို့ လူနာတွေနဲ့ လူနာစောင့်တွေက ပြောပါတယ်။ ဖျာပုံမြို့၊ မြို့မဝါပ ဆွမ်းလောင်းအသင်း အတွင်းရေးမှူး ကိုဇော်ကြီးက “ကျနော်တို့ရဲ့ ပြည်သူတွေ ဆေးရုံလာတက်တဲ့အခါမှာ စားရေးဒုက္ခကင်းအောင်လို့ ကူညီဆောင်ရွက်နေတာပါ။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီနေ့အထိ ဆေးရုံမှာ ထမင်းအဟာရ လှူဒါန်းတာ ကျပ်သိန်းပေါင်း ၄ ထောင် ၆ ရာကျော်ဖိုး ချက်ပြုတ်လှူဒါန်းပေးနိုင်ခဲ့ပြီ”လို့ ပြောပါတယ်။ ဖခင် မြွေကိုက်ခံရလို့ ဆေးရုံတင်ထားရတဲ့ ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်နေ ကိုမောင်က “အဖေက စပါးလာရိတ်ရင်းနဲ့ လယ်ထဲမှာ မြွေကိုက်၊ ပိုးထိသွားလို့ ဖျာပုံဆေးရုံကို လာတက်နေ တာပါ။ ဒီအဖွဲ့က မနက်စာ၊ ညနေစာ ထမင်းနေ့စဉ် လှူဒါန်းပေးနေတော့ ဆေးရုံ လာတက်ကြတဲ့ မရှိဆင်းရဲသားတွေအတွက် အဆင်ပြေတာပေါ့”လို့  ဆိုပါတယ်။ ဖျာပုံပြည်သူ့ဆေးရုံကြီးမှာ ၂၀၁၅ ခုနှစ်၊ဖေဖော်ဝါရီလက စတင်ပြီး ဒီနေ့အချိန်အထိ နေ့စဉ် လူနာ၊ လူနာစောင့် စတဲ့  လူဦးရေ ၁၅၀ မှ ၂၀၀ ဝန်းကျင်အထိကို မနက်စာ ထမင်းကြော်၊ နေ့လယ်စာ၊ ညစာထမင်းလှူဒါန်းနေတာပါ။ ကျော်စိုးမိုး
3 years Ago
Up