ဖျန်းမည့်ဆေး

March 26, 2020

COVID-19 ရောဂါမပြန့်ပွားအောင် ဖျန်းမည့်ဆေး ဝယ်မရဖြစ်နေဟု ဧရာဝတီတိုင်းစည်ပင်ပြော

COVID-19 ရောဂါမပြန့်ပွားအောင် ဖျန်းမယ့်ဆေးတွေ လက်ရှိအချိန်မှာ ရှားပါးနေပြီး ဝယ်ယူမရရှိသေးဘူးလို့ ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ဒီဗွီဘီကို ပြောပါတယ်။ “COVID-19 မပြန့်ပွားစေရေးအတွက် စျေးတွေမှာ ဖျန်းမယ့်ဆေးပေါ့။ ဒီဆေးက ဝယ်ရတာ ရှားပါးနေတဲ့ အနေအထားမျိုး ရှိနေပါတယ်။”  ဧရာဝတီတိုင်းအတွင်း စျေးများကို ဖျန်းမယ့်ဆေး ဝယ်ယူရာမှာ အခက်အခဲတွေ ရှိနေတယ်လို့ သက်ဆိုင်ရာမြို့နယ်အလိုက် စည်ပင်သာယာရေးကော်မတီတွေက တင်ပြထားကြတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေကို တိုင်းအဆင့် COVID-19 ကူးစက်မှု ကာကွယ်ထိန်းသိမ်းရေး ကုသမှုကော်မတီ စည်းအဝေးမှာ ပြန်လည်တင်ပြမယ်လို့ စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်က ပြောပါတယ်။ ဆေးတွေ ရရှိနိုင်မယ့်နည်းလမ်းတွေကို လုပ်ဆောင်ပြီး ဆေးရရှိပါက တိုင်းဒေသကြီးအတွင်းရှိ စျေးတွေနဲ့ လမ်းတွေကို ဆေးဖျန်းသွားမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ မတ် ၂၅ ရက်နေ့အထိ စောင့်ကြည့်နဲ့ သံသယလူနာ ၂၇၅ ဦးရှိပြီး ရောဂါကူးစက်ခံထားရသူ ၃ ဦးရှိတယ်လို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီနေ့မနက်ပိုင်း ထုတ်ပြန်ချက်အရ စောင့်ကြည့်နဲ့ သံသယလူနာ ၄၀ မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး မရှိဘူးလို့ ဆိုပါတယ်။
1 year Ago
Up