ဖျက်ဆီးမှု

January 26, 2020

တောဆင်ရိုင်းများ ဖျက်ဆီးမှုကြောင့် တိုက်ကြီးမြို့နယ်က နေအိမ် ၁၃လုံး ပျက်စီး

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းနှင့် ဖလုံဘူတာကျေးရွာအုပ်စုမှာ ဇန်နဝါရီ ၄ ရက်ကနေ ဇန်နဝါရီ ၂၆ ရက်အထိ တောဆင်ရိုင်းတွေ ဝင်ရောက်ဖျက်ဆီးတာကြောင့် နေအိမ် ၁၃ လုံးနဲ့စိုက်ခင်းတွေ ပျက်စီးခဲ့တယ်လို့ ကျေးရွာပြည်သူတွေကပြောပါတယ်။ တောဆင်ရိုင်းတွေ အခုနောက်ပိုင်း ပိုများလာသလို ညအချိန်တွေ ရွာတွေထဲ ဝင်ရောက်ကာ နေအိမ်တွေ ဖျက်ဆီးပြီး ဆန်၊ ငါးပိ၊ ငါးခြောက်တွေကို စားသောက်သွားတယ်လို့ နေအိမ် ဖျက်ဆီးခံရသူတဦးက ပြောပါတယ်။ “ဆင်တွေ ခုနောက်ပိုင်း ပိုများလာတယ်။ နေ့ခင်းဘက်တွေမှာ မလာဘူး။ ညနေ ၅ နာရီ နောက်ပိုင်းဆို ထွက်လာပြီး စိုက်ခင်းတွေဝင်ပြီး စားတယ်။ ညနက်ပိုင်းတွေဆို ရွာထဲကို ဝင်လာတယ်။ တကောင်ကနေ လေး၊ ငါးကောင်အထိဝင်တယ်။ နောက်ရွာက လူတွေစုပေါင်းပြီး မီးတုတ်တွေ၊ သံပုန်းတွေ တီးမီးမောင်းထုက်မှ တောထဲကိုပြန်ထွက်သွားတယ်။” ဇန်နဝါရီ ၄ ရက်က ချင်းကုန်းကျေးရွာအုပ်စု သနပ်ချောင်းကျေးရွာမှာ တောဆင်ရိုင်း ၄ ကောင် ဝင်ရောက်ပြီး နေအိမ် ၉ လုံး၊ ၁၄ ရက်နေ့မှာ နေအိမ် ၁ လုံး၊ ၁၉ ရက်နေ့မှာ နေအိမ် ၁ လုံးနဲ့ ၂၆ ရက်နေ့မှာ နေအိမ် ၁ လုံး ဖျက်ဆီးခံခဲ့ရပြီး ကြံနဲ့ တခြားစိုက်ခင်းတွေလည်း ဖျက်ဆီးခံခဲ့ရပါတယ်။ တိုက်ကြီးမြို့နယ်အတွင်း ၂၀၁၅ ခုနှစ်နောက်ပိုင်း တောဆင်ရိုင်းတွေဟာ ကျေးရွာတွေကို ဝင်ရောက်ခဲ့ပြီး စိုက်ခင်း‌တွေနဲ့ အိမ်တွေထဲက အစားအသောက်တွေကို စားသောက်ဖျက်ဆီးခဲ့သလို စိုက်ခင်းတွေမှာ လုပ်ကိုင်နေသူတွေကိုလည်း သတ်ဖြတ်တာတွေ ရှိနေပြီး တနှစ်ကို လူ သုံးယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ကျေးရွာပြည်သူတွေဆီက သိရပါတယ်။ မေသွယ်
1 year Ago
Up