ဖျာပုံမြို့

July 26, 2019

ဖျာပုံမြို့နယ် ရေမြောင်းအတွင်း ၁၀ နှစ်အရွယ် မိန်းကလေးငယ်အလောင်း တွေ့ရှိ

ဧရာဝတီတိုင်း ဖျာပုံမြို့နယ်၊ ကျုံစီကျေးရွာရှိ ရန်အေးစေတီအနီး ရေမြောင်းအတွင်းမှာ  ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ၁၀ အရွယ် မိန်းကလေးငယ်တဦးအား တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ မိန်းကလေးငယ် ၁ ဦး သေဆုံးနေကြောင်း ဇူလိုင် ၂၅ ရက်နေ့ မနက်အစောပိုင်း ၃ နာရီခွဲမှာ သတင်းအရ ကျုံကျိုက်ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ဦးစီးအဖွဲ့က သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ကျေးရွာနေ မခိုင်ဇင် (၁၀) နှစ်ဟာ လည်ပင်းဖူးရောင်၊ နားသီးနှစ်ဖက် ပြတ်ထွက် ဒဏ်ရာတွေနဲ့ သေဆုံးနေပြီး ဝတ်ဆင်ထားတဲ့ ၂ ပဲသားခန့်ရှိ ရွှေနားဆွဲ ၁ ရံမှာ ပျောက်ဆုံးနေတာ တွေ့ရှိခဲ့ရလို့ အလောင်းအား ဖျာပုံမြို့ပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့ပါတယ်။ ဖြစ်စဉ်အား စုံစမ်းရာ ဇူလိုင် ၂၄ ရက်နေု့ မနက် ၆ နာရီခွဲအချိန်မှာ မခိုင်ဇင်ရဲ့ ဖခင်ဖြစ်သူ ဦးအောင်သန်းဇော်နဲ့ မိခင်ဖြစ်ဒေါ်မိုးမိုးခိုင်တို့ဟာ ချောင်းတဖက်ကမ်းရှိ လယ်ထဲကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ မခိုင်ဇင်အား အဖိုးဖြစ်သူ ဦးစိန်ဟန်ရဲ့အိမ်မှာ အပ်နှံထားခဲ့ပါတယ်။ နေအိမ် ပြန်လည်ရောက်ရှိပြီး သွားရောက်ခေါ်ဆောင်ချိန်မှာ သမီးဖြစ်သူအား မတွေ့ရှိရလို့ စုံစမ်းမေးမြန်းရာ ဒေါ်မိုးမိုးခိုင်ရဲ့ မောင်ဖြစ်သူ ဖိုးကဲ(ခ)ဖြိုးမင်းထွန်းနှစ်က ခေါ်ဆောင် သွားကြောင်း သိရလို့ လိုက်လံရှာဖွေရာမှာ သမီးဖြစ်သူရဲ့ အလောင်းအား ရန်အေးစေတီအနီး ရေမြောင်းအတွင်း တွေ့ရှိခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေက ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၅ နာရီခွဲအချိန်မှာ ဖိုးကဲ(ခ) ဖြိုးမင်းထွန်းအား ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာအနီး ကျိုက်လတ်-ဖျာပုံ ကားလမ်းပေါ်မှာ ဖမ်းဆီးရမိခဲ့ပြီး အတွင်းခံ ဘောင်းဘီအတွင်းမှ ရွှေနားဆွဲ ၁ ရံအား သိမ်းဆည်းရမိခဲ့တာကြောင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂ (လူသတ်မှု၊ လုယက်မှု) နဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ ဖိုးကဲ(ခ) ဖြိုးမင်းထွန်းအား စစ်ဆေးမေးမြန်းချက်အရ ရည်းစားဖြစ်သူနဲ့ စကားများရန်ဖြစ်စဉ် ဖုန်းရိုက်ခွဲခဲ့တာကို ရည်းစားဖြစ်သူက မကြာခဏ အလျော်တောင်းနေတာကြောင့် တူမဖြစ်သူ မခိုင်ဇင်အား နားဆွဲချွတ်ပေးဖို့ တောင်းယူရာ မပေးလို့ အသင့်ပါလာတဲ့ ဝါးလုံးနဲ့ ရိုက်နှက်ကာ အနီးရှိ ရေမြောင်းအတွင်း ရေနှစ်သတ်ခဲ့ပြီး နားဆွဲအား ဆွဲဖြုတ်ယူခဲ့တာလို့ သိရပါတယ်။
2 years Ago

July 25, 2019

ဖျာပုံမြို့တွင် မူလတန်းကျောင်းအုပ်ဆရာ ၁ ဦးထံက WY စိတ်ကြွဆေးပြားများဖမ်းမိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြိုမှာ မူလတန်းကျောင်းအုပ်ဆရာ တဦး ထံကနေ WY စိတ်ကြွဆေးပြားတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီး ဖျာပုံရဲစခန်းမှာ အမှုဖွင့်အရေးယူထားပါတယ်။ ဖျာပုံရဲစခန်းကရဲတပ်ဖွဲ့ဝင်တွေနဲ့ အမှတ်(၅၀)မူးယစ်တပ်ဖွဲ့ဝင်တွေက အသိသက်သေတွေနဲ့ အတူ ဇူလိုင် ၂၄ ရက်နေ့က မူးယစ်ဆေးဝါသတင်းအရ ဖျာပုံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ၁၃လမ်းမှာ စောင့်ဆိုင်းနေစဉ် ဖျာပုံမြို့နယ်၊ ကျုံးဝါးကျေးရွာ အ.မ.က. ကျောင်းအုပ် ဝဏ္ဏ(ခ)ထက်ဝေဖြိုးနဲ့ အောင်ကို (ခ)စာကလေးတို့ နှစ်ဦးကို မသင်္ကာလို့ရှာဖွေခဲ့ရာ ဝဏ္ဏ(ခ)ထက်ဝေဖြိုး ဝတ်ဆင်ထားတဲ့ ပုဆိုးခါးကြားထဲက WY စာတန်းပါ လိမ္မော်ရောင်ဆေးပြား ၃၁ ပြားနဲ့  Mi အမျိုးအစား လက်ကိုင်ဖုန်း၁ လုံး၊ အောင်ကို(ခ)စာကလေးထံက Mi အမျိုးအစား ဖုန်းတစ်လုံး၊ Honda Wave 100 နဲ့အတူ ဖမ်းမိခဲ့ပါတယ်။ စစ်ဆေးချက်အရ ဖမ်းဆီးရမိတဲ့ WY ဆေးပြားတွေကို  ဖျာပုံမြို့၊ အမှတ်(၇)ရပ်ကွက် ၊၁၃ လမ်းနေ ကိုဇော်(ခ)ဇော်ထွန်းနိုင်ထံက ဆေးပြား တပြားကို ကျပ် ၂၀၀၀နဲ့ ၃၁ ပြား ဝယ်ယူခဲ့ကြောင်းစစ်ဆေးသိရှိရလို့ ဇော်ထွန်းနိုင်နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာမှာ မူးယစ်ဆေးဝါး မတွေ့ရှိပေမယ့် သူ့ရဲ့ လက်ကိုင်ဖုန်းမှာ ကျောင်းအုပ်ဝဏ္ဏ(ခ)ထက်ဝေဖြိုးရဲ့ ဖုန်းနံပါတ်နဲ့ လတ်တလော ဆက်သွယ်ထားတာကို တွေ့ရှိရလို့ ရှာဖွေပုံစံရေးသွင်း သိမ်းဆည်းခဲ့တယ်လို့ ရဲမှတ်တမ်း အရ သိရပါတယ်။ ဒါ့ကြောင့် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ  ဖျာပုံမြို့ (၈)ရပ်ကွက်နေ ဝဏ္ဏ(ခ)ထက်ဝေဖြိုး၊ (၇)ရပ်ကွက်နေသူ အောင်ကို(ခ)စာကလေးနဲ့ (၇)ရပ်ကွက်နေ  WY စိတ်ကြွဆေးပြားတွေ ဖြန့်ဖြူးရောင်းချပေးနေသူ ကိုဇော်(ခ)ဇော်ထွန်းနိုင်တို့ ၃ ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ ဒုရဲမှူး ညီညီလွင်က အမှုဖွင့် အရေးယူထားပါတယ်။
2 years Ago
Up