ဖျာပုံမှ ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသူ ၅ ဦး လူကုန်ကူးခံရမည့်ဘေးမှ ကယ်တင်

July 1, 2016

ဖျာပုံမှ ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသူ ၅ ဦး လူကုန်ကူးခံရမည့်ဘေးမှ ကယ်တင်

ဇွန်လ ၂၆ ရက်နေ့က ဧရာဝတီတိုင်း ဖျာပုံမြို့ကနေ တရုတ်နိုင်ငံဘက်ကို သွားရောက်ပို့ဆောင် ရောင်းစားခံရဖွယ်ရှိတဲ့ အသက် ၁၄ နှစ်အရွယ် ၈ တန်းကျောင်းသူ ၅ ဦးကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့မှာ ဇွန်လ ၂၇ ရက်နေ့က တစုတစည်းတည်း တွေ့ရှိပြီး သက်ဆိုင်ရာက မိဘတွေလက်ထဲ ပြန်အပ်ခဲ့ကြပါတယ်။ စစ်ဆေးချက်တွေအရ ဖျာပုံ အထက ၁ မှာ တက်ရောက်နေကြတဲ့ အသက် ၁၄ နှစ်အရွယ် ကျောင်းသူ ၄ ဦးကို အသက် ၄၀ အရွယ် ဒေါ်အေးခိုင်ဆိုသူက တရုတ်နိုင်ငံမှာအလုပ်လုပ်ရင် တလကိုကျပ် ငါးသိန်း၊ ခြောက်သိန်းရမယ်လို့ ကလေးတွေကို မြူဆွယ်သိမ်းသွင်းပြီး ကလေးတွေကို လမ်းညွှန်သွားခိုင်းရာက ပြင်ဦးလွင်မှာ တွေ့ရှိတာဖြစ်ပါတယ်။ ကလေးတွေနဲ့ အတူ ခရီးစဉ်မှာ လိုက်ပါခြင်းမရှိတဲ့ ဒေါ်အေးခိုင်ကိုတော့ ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။ ဇွန်လ ၂၅ ရက်နေ့က ကလေးငါးဦးကျူရှင်ကအပြန်မှာ အမျိုးသမီးတဦးက အလုပ်လုပ်ရင်စောင့်နေမယ်လို့ ပြောဆိုကြောင်း၊ ၂၆ ရက်နေ့မှာ အိမ်ကထွက်ပြေးကြပြီး ပြင်ဦးလွင်ကို ထွက်ခဲ့ကြကြောင်း၊ ၂၇ ရက်နေ့ ပြင်ဦးလွင်မှာ ယောင်လည်လည်ဖြစ်နေစဉ် မေးမြန်းထိန်းသိမ်းပြီး မိဘထံအပ်နှံခဲ့တာဖြစ်ကြောင်း ပြင်ဦးလွင်မြို့ လူကုန်ကူးမှု တားဆီးကာကွယ်ရေးတပ်ဖွဲ့ (ဆန့်ထုတ်) မှ ဒုရဲအုပ် အောင်မင်းဦးကပြောပါတယ်။ ဒီလိုပြန်လည်အပ်နှံနိုင်အောင် ကလေးတွေ အိမ်ကပျောက်ကတည်းက မိဘတွေက ဖျာပုံရဲစခန်းမှာ တိုင်ကြားအမှုဖွင့်ခဲ့ကြသလို၊ မောင်တော်ကားဂိတ်၊ ကားသမား၊ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တိုက်ဖျက်ရေးရဲတပ်ဖွဲ့နဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ လူမှုမီဒီယာတွေက သတင်းအချက်အလက်တွေကို မျှဝေမှု၊ ပူးပေါင်းဆောင်ရွက်မှုအားကောင်းတာကြောင့် လမ်းခရီးတ၀က်ကနေ ဖော်ထုတ်နိုင်တာဖြစ်ပါတယ်။ (တရားဝင်စာရင်းအရ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း မြန်မာပြည်ကနေ တရုတ်ပြည်ဘက်ကို လူပေါင်း ၃ ထောင်ကျော် လူကုန်ကူးခံရတယ်လို့ သိရပါတယ်။ ရန်ကုန်အခြေစိုက် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ရဲမှူးကြီး ရဲဝင်းအောင်က“အဲဒီထဲက ၂ ထောင်ဟာ အမျိုးသမီးတွေဖြစ်ကြပါတယ်။ အဲဒီအမျိုးသမီးတွေထဲကမှ ၁၈ နှစ်အောက် အရွယ်မရောက်သေးသူတွေဖြစ်တယ်လို့ ပြောပါတယ်။ အမျိုးသမီးတွေကို တရုတ်နိုင်ငံမှာ အလုပ်အကိုင်ရမယ်လို့ ခေါ်သွားပြီး ဟိုရောက်တဲ့အခါ တရုတ်အမျိုးသားတွေရဲ့ ဇနီးမယားတွေအဖြစ်ရောင်းစားနေကြတာဖြစ်ကြောင်နဲ့ အခုချိန်ထိ အမှုပေါင်း ၈ ရာခန့်ဖော်ထုတ်မှတ်တမ်းပြုစုထားတယ်လို့ဆိုပါတယ်။) ပြင်ဦးလွင်ကို ရောက်ရှိလာတဲ့ကလေးတွေကို မေးမြန်းထိန်းသိမ်းပြီး ကလေးမိဘတွေလက်ထဲအရောက် အပ်နှံပေးခဲ့ရာမှာ ပါဝင်ခဲ့သူတဦးဖြစ်တဲ့ ဒုရဲအုပ် အောင်မင်းဦးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ မေး) လွန်ခဲ့တဲ့ရက်ပိုင်းက ဖျာပုံက ရှစ်တန်းကျောင်းသူ ၅ ဦးကို အကိုတို့ ကယ်တင်ပြီး မိဘတွေလက်ထဲ ပြန်ပို့ခဲ့ကြတယ်လို့သိရပါတယ်။ ဖြစ်စဉ်ကို အသေးစိတ်လေး ပြောပြပါလား။ ဖြေ) ကျနော်က ဒီကလေးတွေနဲ့ပတ်သက်လို့ ၂၇ ရက်နေ့ ၅ နာရီ ၅ နာရီခွဲလောက်မှာသိတယ်။ ကျနော့်ရဲ့ ရဲတပ်ဖွဲ့မှူးက ကလေးငါးယောက် ကားဂိတ်မှာရောက်နေတယ်ကြားတယ်၊ မင်း ကလေးတွေကို သွားကြည့်ဦး၊ ကလေးတွေပျောက်နေတယ်ကြားတယ်လို့ ကျနော့်ကို သတင်းပေးတယ်။ အဲဒါနဲ့ကျနော်လည်း ၆ နာရီမတ်တင်းမှာ ကလေးငါးယောက်ကို ဘယ်မှာတွေ့လည်းဆိုတော့ ပြင်ဦးလွင်မြို့ စံပြထမင်းဆိုင်ဘေးနားက မြတ်မန္တလာထွန်းကားဂိတ်မှာတွေ့တော့ လူတွေကလည်း အုံနေတယ်၊ အုံနေတော့ တွေ့တဲ့အချိန်မှာ ကျနော်တို့က (လူကုန်တား) က ကျနော်ရော၊ ပြင်ဦးလွင်ခရိုင်ဒုစရိုက်နှိမ်နင်းရေးက ရဲအုပ်ကျော်မိုးလွင်၊ နောက်ပြီးတော့ ရပ်ကွက်ကြီး ၁၀ အုပ်ချုပ်ရေးမှူး သူတို့အဖွဲ့ရယ် ကျနော်တို့ သွားပြီးစုံကြတယ်။ ကလေးတွေက လူတွေတအုံးအုံးနဲ့ ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့က ရပ်ကွက်ကြီး ၁၀ အုပ်ချုပ်ရေးမှူးရုံးကို ကလေးတွေကို ခေါ်သွားတယ်။ ခေါ်သွားပြီးတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ကလေးတွေကို ကျနော်တို့ မေးမြန်းစုံစမ်းတာပေါ့နော်။ အဲဒီအချိန်မှာပဲ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့က ရောက်လာပါတယ်။ အဲဒီတော့အမျိုးသမီးရေးရာအဖွဲ့တွေရော၊ ကျနော်တို့အဖွဲ့တွေရော ကျနော်ကိုယ်တိုင် ကလေးတွေကို စုံစမ်းမေးမြန်းတဲ့အခါကျတော့ ကလေးတွေက ဖျာပုံမြို့ အမှတ် (၁၇) ရပ်ကွက်နဲ့ အမှတ် (၁၂) ရပ်ကွက်မှာနေထိုင်ကြတယ်။ ကလေးတွေက ဖျာပုံမြို့ အထက (၁) မှာ ရှစ်တန်းကျောင်းသူတွေဖြစ်ကြတယ်။ သူတို့က ဘယ်လိုဖြစ်ပြီး ဘယ်လိုရောက်လာသလဲလို့ ဆက်ပြီးမေးမြန်းတဲ့အခါမှာ ကလေးငါးယောက သူတို့က အမှတ် (၁၇) ရပ်ကွက်မှာရှိတဲ့ ဒေါ်အေးသန္တာခင်ဆရာမရဲ့ကျူရှင်မှာ ကျူရှင်တက်ကြတယ်။ ကျူရှင်တက်ကြရင်းနဲ့ ၂၅ ရက်နေ့ ၃ နာရီခွဲလောက်မှာ ကျူရှင်ကနေ ဆင်းလာကြတယ်။ ကျူရှင်ကဆင်းလာကြပြီး သူတို့တွေ မုန့်တီစားပြီးလို့ ပြန်အထွက်မှာ လမ်းမပေါ်မှာ အမျိုးသမီးတယောက်နဲ့ တွေ့တယ်။ အမည်မသိအမျိုးသမီးကတော့ အသက် ၄၀ ကျော်လို့ပြောတယ်။ ဒေါ်အေးခိုင်လို့ ပြောတယ်။ အဲဒီအမျိုးသမီးက ကလေးငါးယောက်ကို ‘အလုပ်လုပ်မလား၊ တလကို လေးသိန်း၊ ငါးသိန်းရမယ်၊ အလုပ်ကလည်း သက်တောင့်သက်သာလုပ်ရမယ်’ လို့ပြောတယ်။ ကလေးတွေကလည်းမေးတာပေါ့ ဘာအလုပ်လုပ်ရမှာလဲ၊ ဘာအလုပ်လဲ၊ ဘယ်ကိုသွားရမှာလဲ မေးတဲ့အဲဒီအချိန်မှာ အမျိုးသမီးက ဘာမှ မပြောဘူး။ မပြောဘဲနဲ့ အမျိုးသမီးက ကလေးတွေကို သမီးတို့စိတ်ဝင်စားလို့ရှိရင် ကျောင်းတက်မနေနဲ့၊ အလုပ်လုပ်ဆိုပြီးတော့ပြောပြီး အလုပ်လုပ်မယ်ဆိုရင် အန်တီ့ဆီလာခဲ့၊ အန်တီက ဒလဆိပ်ကမ်းကနေစောင့်နေမယ်ဆိုပြီးတော့ အမျိုးသမီးက အဲလိုပြောသွားတယ်။ ပြောသွားပြီးတော့ ၂၅ ရက်နေ့မှာ သူတို့ကို စည်းရုံးပြီးတော့ အမျိုးသမီးက ပြန်သွားတယ်လို့ကြားတယ်။ ၂၆ ရက်နေ့မှာ အဲဒီထဲမှာ မစုစုမွန်ဆိုတဲ့ကောင်မလေးက အဲဒီ ရှစ်တန်းကျောင်းသူ ငါးယောက်ထဲမှာ သူက နည်းနည်းထွားတာပေါ့နော်။ အသက်ကတော့ အတူတူပါပဲ။ သူ့မိဘတွေက သူ့အဖေက ဆိုက်ကားနင်းတယ်၊ သူ့အမေက ကုန်စုံဆိုင်ဖွင့်ထားတယ်။ သူ့အမေထားတဲ့ ပိုက်ဆံသေတ္တာထဲက တသိန်းခြောက်သောင်း ထုတ်ယူလိုက်တယ်။ ကလေးငါးယောက်က မသွားခင် အဲဒီမှာ ၂၅ ရက်နေ့ညနေမှာ တခါဆုံကြတယ်၊ သွားဖို့လာဖို့တိုင်ပင်ကြတယ်။ ၂၆ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ သူတို့တနေရာမှာ စာကျက်မယ်ဆိုပြီး မိဘတွေမသိအောင် ချိန်းကြတယ်။ ချိန်းပြီးတော့ ဖျာပုံကားဂိတ်ကနေပြီးတော့ တက္ကစီငှားပြီးတော့ ဒလဆိပ်ကမ်းကို သူတို့ငါးယောက်စလုံး သွားကြတယ်ပြောတယ်။ ဖျာပုံတက္ကစီခက ၂ သောင်းပေးရတယ်လို့ကြားတယ်။ အဲဒါနဲ့ ဖျာပုံကနေ ဒလဆိပ်ကမ်းကိုရောက်တော့ နေ့ခင်းတနာရီခွဲမှာ သူတို့ ကားပေါ်ကဆင်းတော့ သူတို့ကိုစည်းရုံးတဲ့အမျိုးသမီးနဲ့ ပြန်တွေ့တယ်ပြောတယ်။ အဲဒီအမျိုးသမီးက ရန်ကုန်ဆိပ်ကမ်းဘက်ကို ဇက်စီးပြီးသွားဖို့ပြောတယ်။ အဲဒါနဲ့ ကလေးတွေက ဇက်စီးသွားတဲ့အချိန်မှာ အမျိုးသမီးက ဇက်သဘောင်္ပေါ်မှာလည်း သူက မပါပြန်ဘူး။ တခြားနည်းလမ်းနဲ့သူက သွားတယ်ဟိုဘက်ကမ်းကို။ ဟိုဘက်ကမ်းရောက်တဲ့အခါကျတော့ အမျိုးသမီးက ကလေးတွေကို ဘာဆက်ပြောလဲဆိုတော့ အောင်မင်္ဂလာအဝေးပြေး (ကားဂိတ်) ကိုသွားဖို့၊ အောင်မင်္ဂလာအဝေးပြေးကားဂိတ်ကိုသွားပြီးလို့ရှိရင် ဇေယျာရွှေပြည် ပြင်ဦးလွင်-ရန်ကုန် အဲဒီကားကို လိုက်သွားဖို့ပြောတယ်။ အဲဒါတော့သူတို့ တက္ကစီခ ၇ ထောင်ပေးပြီးတော့ အဲဒီကလေးတွေက ဇေယျာရွှေ့ပြည်ကားဂိတ်ကိုဆက်ပြီးတော့ သွားတယ်။ ဆက်သွားတဲ့အချိန်မှာ စည်းရုံးတဲ့အမျိုးသမီးကလည်း သူ့ဟာသူ ကားတစီးနဲ့ နောက်ကနေ လိုက်သွားပြီး အဲဒီကားဂိတ်နဲ့ မလှမ်းမကမ်းမှာ သူတို့ ပြန်တွေ့ကြတယ်။ ပြန်တွေ့ကြတော့ ဒီကလေးတွေ ပထမတုန်းက ဖျာပုံကနေ ဒလဆိပ်ကမ်းကိုလာတဲ့ တက္ကစီခ ၂ သောင်းရယ်၊ ရန်ကုန်ဆိပ်ကမ်းကနေပြီးတော့ အောင်မင်္ဂလာအဝေးပြေးကိုလာတဲ့ ၇ ထောင်ရယ်၊ ၂ သောင်း ၇ ထောင်ကို အဲဒီ မစုစုမွန်ဆိုတဲ့ကောင်မလေးကို ပြန်ပေးတယ်။ ပြန်ပေးပြီးတော့ သူကဘာပြောလဲဆိုလို့ရှိရင် ‘သမီးတို့ ဒါဆိုလို့ရှိရင် ပြင်ဦးလွင်ကို အဲဒီကားနဲ့ပဲ လက်မှတ်ဖြတ်ပြီးလိုက်ကြ၊ အန်တီကတော့ နောက်က ပြင်ဦးလွင်မြို့ ကားကြီးဝင်းမှာ ဆုံမယ်ဆိုပြီး ကလေးတွေကို အဲလိုပြောတယ်။ ပြောတဲ့အချိန်မှာ ‘သမီးတို့ ပိုက်ဆံဘယ်လောက်ပါလဲပေါ့နော်။ ပါလို့ရှိရင် လမ်းမှာကျပျောက်မယ်၊ အန်တီကိုပေးထားဆိုလို့ ကလေးတွေက ပိုက်ဆံ ငါးသောင်း အဲဒီအမျိုးသမီးကိုပေးလိုက်တယ်။ အဲဒီအမျိုးသမီးက မှာပြီးတော့ ပြန်ထွက်သွားတာပေါ့။ အဲဒီထဲမှာ မယမင်းရွှေစင်ဆိုတဲ့ မိန်းကလေးက သူတို့ငါးယောက် ဂိတ်ထဲဝင်ပြီးတော့ လက်မှတ်ဖြတ်ကြတယ်။ ဒီလက်မှတ်ကလည်း ခြောက်သောင်းကျတယ်။ ဒီခြောက်သောင်းကလည်း ဒီကလေးတွေက သူ့ပိုက်ဆံနဲ့သူ ၀ယ်ကြရတယ်။ အဲဒီတော့ ဇေယျာရွှေပြည်ကားနဲ့ပဲ သူတို့ ၂၆ ရက်နေ့ ညနေ ၄ နာရီမှာထွက်တယ် ပြင်ဦးလွင်ကိုလေ။ ပြင်ဦးလွင်ကို ၂၇ ရက်နေ့မနက် ၆ နာရီခွဲမှာ ကားကြီးဝင်းကို သူတို့ ရောက်တယ်။ ကားကြီးဝင်းရောက်တဲ့အခါမှာ သူတို့ချိန်းဆိုထားတဲ့အမျိုးသမီးကို သူတို့ လိုက်ရှာကြတယ်။ လိုက်ရှာကြတဲ့အခါကျတော့ နောက်ဆုံးပြောရလို့ရှိရင် ဆယ်နာရီခွဲ ဟိုရောက်ဒီရောက်နဲ့ သူတို့ငါးယောက်တဖွဲ့လုံး တပူးတွဲတွဲသွားနေတော့ အဲဒီအမျိုးသမီးရှာတာ။ ရှာလို့ လုံးဝမတွေ့ဘူး။ မတွေ့တော့ နောက်ဆုံးမှာ ကဲ မထူးတော့ဘူး၊ ပြန်ကြရအောင်ဆိုတော့ ကလေးတွေလက်ထဲမှာ ပိုက်ဆံ လေးသောင်းလေးထောင့်ငါးရာရှိတယ်။ အဲဒါနဲ့ မထူးတော့ဘူးဆိုပြီး စံပြထမင်းဆိုင်လေးနားက မြတ်မန္တလာထွန်းကာဂိတ်မှာ သူတို့ ကားလက်မှတ်ဝင်ဖြတ်ကြတယ်။ ရန်ကုန်ကိုပြန်ဖို့ပေါ့နော်။ အဲတော့ ကားလက်မှတ်ဖြတ်တဲ့အခါမှာ ကလေးတွေက ပိုက်ဆံက၊ ကားလက်မှတ်က တယောက်ကို တသောင်း ၂ ထောင်ဆိုတော့ ပိုက်ဆံက မလောက်ဘူးဖြစ်သွားတယ်။ မလောက်တော့ မစုစုမွန်က ‘မထူးဘူး ကျမနားကပ်လေးကိုရောင်းပြီးတော့’ လို့ သူ့နားကပ်လေးကို ချွတ်ရောင်းမယ်ဆို လုပ်တော့ နောက်ဆုံး ဂိတ်မှာ လက်မှတ်ရောင်းတဲ့စာရေးမက သမီးတို့သွားရောင်းရင် ဈေးနှိမ်လိမ့်မယ်၊ အန်တီလိုက်ရောင်းပေးမယ်ဆိုပြီး ကူညီတဲ့သဘောနဲ့သူက လိုက်ပြီးတော့ နားကပ်လိုက်ရောင်းပေးတယ်။ ပြင်ဦးလွင်မြို့မဈေးကြီးထဲမှာ နားကပ်လိုက်ရောင်းတော့ နားကပ်က ခြောက်သောင်း နှစ်ထောင်ရတယ်။ အဲဒီကျမှ ကလေးတွေက ထမင်းတွေဘာတွေစားရတယ်။ အဲဒါနဲ့ ဟိုသွားဒီသွားမယ်လုပ်တော့ ဂိတ်က စာရေးမက ‘သမီးတို့ဘယ်မှမသွားနဲ့၊ ဒီမှာ အေးအေးဆေးဆေးနေ၊ ညနေ ၆ နာရီမှာ ကားထွက်မယ်၊ သမီးတို့နားချင်နား၊ အပေါ့အပါးသွားချင်သွား၊ အိပ်ချင်အိပ်ဆိုပြီး ကူညီတဲ့သဘောနဲ့ ထိန်းထားတယ်ပြောတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်က ညနေမှာသိပြီးတော့ ကယ်တင်ပြီးတော့ သိရှိရတာဖြစ်တယ်။ အဲဒီတော့ ၂၇ ရက်နေ့ညပဲ ကျနော်တို့က ကလေးတွေကို ရဲစခန်း၊ ပြင်ဦးလွင်မြို့မရဲစခန်းမှာ စခန်းမှူးထံပြန်ပြီးအပ်ပြီးတော့ အဲဒီမှာ စောင့်ရှောက်ထားဖို့ပြောရင်းနဲ့ သူတို့၊ ကလေးတွေ မိဘတွေကို ဆက်သွယ်လိုက်တယ်။ ၂၈ ရက်နေ့ နေ့ခင်း ၂ နာရီ၊လောက်မှာ သူတို့ ကလေးတွေမိဘတွေ အကုန်လုံးရောက်လာတယ်။ အဲဒီ ၂၈ ရက်နေ့ နေ့ခင်း ၂ နာရီခွဲမှာပဲ ကျနော်၊ ပြင်ဦးလွင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှမျိုးပေါ့နော်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရယ်။ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရယ်၊ မြို့မိမြို့ဖတွေရှေ့မှာပေါ့နော် ဒီကလေးတွေကို မိဘရပ်ထံပြန်ပြီးတော့ ကောင်းမွန်စွာ အပ်နှံလိုက်တယ်။ အဲဒီတော့ ကလေးတွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က သူတို့ကိုခေါ်လာတဲ့၊ စည်းရုံးတဲ့အမျိုးသမီးနဲ့ပတ်သက်ပြီး ကျနော်စုံစမ်းမေးမြန်းတဲ့အခါကျတော့ ကလေးတွေက ဂဃနဏ သေသေချာချာ အဲဒီအမျိုးသမီးကို မသိကြဘူးဖြစ်နေတယ်။ နောက်ဆုံးကျတော့ သေသေချာချာလေး ချော့မော့ပြီး မေးတဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ မအေးအေးခိုင် (စည်းရုံးသူအမျိုးသမီး) ဆိုတဲ့နာမည်ထွက်လာတယ်။ အဲဒီအမျိုးသမီးကပြောမယ်ဆိုလို့ရှိရင် မျက်နှာသွယ်တယ်၊ အရပ်အမောင်းကောင်းတယ်၊ ဆံပင်က ကျောလည်လောက်ရှိတယ်ပြောတယ်။ မြန်မာဝတ်စုံပဲဝတ်တယ်၊ စကားပြောအေးတယ်ပေါ့။ ဒီလောက်ပဲ ကျနော်တို့က သိခွင့်ရလိုက်တယ်ဗျ။ ဒီကိစ္စနဲ့ပတ်သက်ပြီး မသင်္ကာတဲ့အမျိုးသမီးနဲ့ပတ်သက်ပြီး ရန်ကုန်လူကုန်တားရဲတပ်ဖွဲ့တို့ ပုသိမ်လူကုန်တားရဲတပ်ဖွဲ့တို့၊ ဖျာပုံရဲစခန်းတို့နဲ့ ချိတ်ဆက်ပြီးတော့ တရားခံကိုစုံစမ်းဖမ်းဆီးနိုင်ဖို့ ကျနော်တို့လည်း အကူအညီတောင်းထားတာရှိပါတယ်။ အခုလို အသေးစိတ်ရှင်းပြတာကျေးဇူးတင်ပါတယ်။ ကလေးတွေ အစုလိုက် ခုလိုဖြစ်တာ မကြားဖူးဘူး။ ခုဟာက ပိုက်ဆံလောက်ပဲယူသွားတဲ့အဆင့်ဖြစ်နေတယ်။ (ဖြေ) ကျနော့်အနေနဲ့တော့ ပြင်ဦးလွင်မှာ ဒီကလေးလေးတွေ ကယ်တင်ခဲ့တာ ဒါပါနဲ့ဆို ၃ - ၄ ခေါက်ရှိသွားပြီ။ ပထမဆုံးကြုံရတာကတော့ ၉ တန်းကျောင်းသူလေး ၂ ယောက်ပေါ့နော် အလုံ (ရန်ကုန်တိုင်း) မှာ ကိုယ်ပိုင်အထက်တန်းကျောင်းမှာနေရင်းနဲ့ ဘယ်လိုပြောမလဲ ပထမ လပတ်မှာ အမှတ်နည်းလို့ဆိုပြီး မိဘတွေမသိအောင်ထွက်လာတာ ၂ ယောက်၊ အဲဒီ ၂ ယောက်ကိုလည်း ကယ်တင်ပြီးတော့ နောက်ဆုံး မိဘဆီ ပြန်အပ်တယ်။ နောက်ပြီးတော့ ၂၀၁၅ ဆယ်လပိုင်း ၈ ရက်နေ့ကလည်း လှိုင်သာယာ (ရန်ကုန်တိုင်း) အထက ၁ က ဆယ်တန်းကျောင်းသူ ၄ ယောက်နဲ့ ကျောင်းသားတယောက် အဲလိုပဲ ထွက်လာကြတယ်။ အဲဒါကိုလည်း လူပျောက်တွေဖွင့်ပြီးတော့ သူတို့မိဘတွေရှာတယ်။ နောက်ဆုံးတော့ နေပြည်တော်ရဲတပ်ဖွဲ့ကနေပြီးတော့ ကျနော်တို့လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့အနေနဲ့ ကျနော်တို့ကို စုံစမ်းပေးဖို့ ညွန်ကြားလို့ ကျနော်တို့ လိုက်စုံစမ်းပြီး သူတို့ကိုလည်း ပြန်လည်တွေ့ရှိပြီးတော့ မိဘရပ်ထံ အသေအချာအခမ်းအနားနဲ့ အပ်ပေးလိုက်တယ်။ အဲဒီနောက်ပိုင်း ၂ ပတ်လောက်မှာ ကျနော်တို့ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်က ၉ တန်းကျောင်းသူ ၃ ယောက်နဲ့ ကျောင်းသား ၁ ယောက် ပြင်ဦးလွင်မှာ တွေ့လို့ ကယ်လိုက်ရသေးတယ်။ အဲဒါကိုလည်း ကျနော်တို့ သေသေချာချာလေး မော်လမြိုင်ကျွန်းမှာလည်း သူတို့လူပျောက်မှုတိုင်တန်းဖွင့်သလို ဒီမှာ ပြင်ဦးလွင်မှာ တွေ့ရှိလို့ မိဘတွေနဲ့ဆက်သွယ်ပြီးတော့ ကျနော်တို့ အမျိုးသမီးရေးရာအဖွဲ့နဲ့ သေသေချာချာပြန်ပြီး အပ်နှံပေးလိုက်ရတယ်။ မေး) တရုတ်ပြည်ကို ရန်ကုန်ကနေသွားမယ်ဆိုရင် ပြင်ဦးလွင်မြို့က လမ်းကြောင်းသင့်နေသလား ပြောပြပါခင်ဗျ။ ဖြေ) ဟုတ်ကဲ့ပါခင်ဗျ။ တကယ်တမ်းပြောမယ်ဆိုလို့ရှိရင် ပြင်ဦးလွင်မြို့ဟာ တရုတ်ပြည်ရဲ့ထွက်ပေါက်လည်းဖြစ်တယ်ခင်ဗျ။ တရုတ်ပြည်ကို ဒီကနေ ပြင်ဦးလွင်ပြီးလို့ရှိရင် နောင်ချို၊ နောင်ချိုပြီးရင် ကျောက်မဲ၊ လားရှိုး၊ လားရှိုးပြီးတော့ မူဆယ်၊ မူဆယ်ပြီးတော့ တရုတ်ပြည် ကျယ်ဂေါင်ရောက်မှာပဲ။ မိုင်ကလည်း ဘယ်လောက်မှ မကြာလောက်ဘူးလေ။ မဝေးတော့ဘူးပေါ့။ အဲဒီတော့ အနေအထားအရ ပြောမယ်ဆို သုံးသပ်ကြည့်တာကတော့ ကလေးတွေ ကံကောင်းတဲ့အနေအထားရှိပါတယ်ဗျ။
5 years Ago
Up