ဆီးရီးယားနိုင်ငံထဲက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ထိမှန်လို့ ပျက်ကျတဲ့ အစ္စရေးရဲ့ F-16 တိုက်လေယာဉ် အပျက်အစီးတွေ နားမှာ ကျန်ရစ်တဲ့ လက်နက်ခဲယမ်းတွေကို အစ္စရေး စစ်တပ်က ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဖျက်ဆီးလိုက်ပါတယ်။
ထိန်းချုပ် ဖောက်ခွဲပုံကို အစ္စရေးရဲ့ ချန်နယ်တူး ရုပ်သံက ရိုက်ကူးခဲ့ပါတယ်။
စနေ အစောပိုင်းက အစ္စရေးဟာ ဆီးရီးယား နိုင်ငံထဲက အီရန်တပ်တွေကို အပြင်းထန်ဆုံး လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။
အစ္စရေး တိုက်လေယာဉ် ပစ်ချခံရတာဟာ အစ္စရေးနဲ့ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ တပ်တွေကြား ဆီးရီးယားနိုင်ငံအတွင်း အပြင်းထန်ဆုံး ထိပ်တိုက်တွေ့မှုပါ။
ဆီးရီးယား နိုင်ငံအတွင်း ၇ နှစ်ကြာ ပြည်တွင်းစစ်မှာ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ တပ်တွေက ဆီးရီးယားသမ္မတ ဘတ်ရှားအယ်လ်အာဆတ်ကို ပံ့ပိုးပြီး တိုက်ပွဲဝင်နေလို့ ဆီးရီးယားနိုင်ငံထဲမှာ အကြီးစား ခြေကုပ်စခန်းတွေ တည်ဆောက် ထားကြပါတယ်။
အစ္စရေးနဲ့ ဆီးရီးယား အစိုးရတွေကတော့ ပဋိပက္ခ ပိုကျယ်လာအောင် မလုပ်ဘူးလို့ အချက်ပြထားတာပါ။
အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက တဲလ်အဗီမြို့က စစ်တပ်ဌာနချုပ်ဆီ အမြန်သွားပြီး ဆွေးနွေးအကြံယူခဲ့ပါတယ်။
ဆီးရီးယား သမ္မတကို လိုလားတဲ့ မဟာမိတ်တွေကလည်း အစ္စရေးရဲ့ ဘယ်လို အကြမ်းဖက် လုပ်ရပ်ကိုမဆို ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်လို့ ကတိပြုခဲ့ကြပါတယ်။
3 years Ago