ဖဲဝိုင်းတွင် ပါဝင်သည့် နိုင်ငံခြားသား ၃၂ ဦး ထိုင်းရဲဖမ်း

February 5, 2016

ဖဲဝိုင်းတွင် ပါဝင်သည့် နိုင်ငံခြားသား ၃၂ ဦး ထိုင်းရဲဖမ်း (ရုပ်သံ)

ထိုင်းနိုင်ငံ ပတ္တရားကလပ်မှာ ဖဲဝိုင်းတခုကို ထိုင်းရဲနဲ့ စစ်တပ်က စီးနင်းခဲ့ပြီး ပါဝင်ကစားနေတဲ့ နိုင်ငံခြားသား ၃၂ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ ဖမ်းဆီးခံရတဲ့ နိုင်ငံခြားသား အများစုက ပင်စင်စားတွေဖြစ်ပြီး သူတို့ကို ဒဏ်ငွေ ဘတ် ၅၀၀၀ ရိုက်ခဲ့ပါတယ်။ ဒေသခံတဦးက မကျေနပ်လို့ ဖဲဝိုင်းကိစ္စကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ကို တိုင်ကြားခဲ့တယ်လို့ ထိုင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ကလပ်အသင်း ဥက္ကဋ္ဌကတော့ ဒါဟာ ငွေကြေးအတွက် လောင်းကစားတာ မဟုတ်ဘူးလို့ ပြောပါတယ်။ အစောပိုင်းကတော့ ရဲတွေက လောင်းကစားတယ်လို့ ယူဆပြီး ငွေကို ဘဏ်အကောင့်တွေကနေ လွှဲတယ်လို့ မှတ်ထင်ထားတာ ဖြစ်ပေမယ့် ကလပ်တာဝန်ရှိသူတွေကတော့ အမှတ်နဲ့ကစားတာဖြစ်တယ်လို့ ဆိုပါတယ်။ ငွေကြေးဆိုင်ရာ အထောက်အထားတွေ မတွေ့ရပေမယ့် သက်ဆိုင်ရာက ထုတ်ဝေခြင်း မပြုတဲ့ ဖဲချပ်တွေကို အသုံးပြုမှုနဲ့ ရဲတွေက စွဲချက်တင်ခဲ့ပါတယ်။ သူတို့ကို အချုပ်ထဲမှာ ၁၂ နာရီလောက် ထိန်းသိမ်းထားပြီး ဘတ် ၅၀၀၀ အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။ လောင်းကစားတယ်လို့ ခံဝန်ချက်မထိုးတဲ့ အမျိုးသမီးတဦးကိုတော့ ဆက်ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ အဖမ်းခံရသူတွေထဲမှာ ဗြိတိန် ၁၂ ဦး၊ နော်ဝေ ၃ ဦး၊ ဆွီဒင် ၃ ဦး၊ သြစတြေးလျ ၂ ဦး၊ ဂျာမနီ၊ ဒိန်းမတ်၊ ကနေဒါ၊ နယူးဇီလန်၊ ဒတ်ခ်ျနဲ့ အိုင်းရစ်လူမျိုးတွေ ပါဝင်သလို တချို့ နိုင်ငံခြားသားတွေကတော့ နိုင်ငံမဖော်ပြလိုဘူးလို့ ဆိုပါတယ်။
6 years Ago
Up