Body Shaming လို့ပြောလိုက်တာနဲ့ ပရိသတ်တွေက တခြားတယောက်ယောက်ရဲ့ ခန္ဓာကိုယ်သွင်ပြင် ဝတာ၊ ပိန်တာ၊ ရှည်တာ၊ ပုတာ စသဖြင့် ပြင်ပသွင်ပြင်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို ရှုံ့ချလှောင်ပြောင်တာလို့ သိကြပြီး ဖြစ်မှာပါ။
လူသားတိုင်းမှာ မတူညီကွဲပြားတဲ့ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ အားနည်းချက် တခုမဟုတ် တခုတော့ ရှိကြတာပါပဲ။ အကြီးအသေး အနည်းအများ အားနည်းပုံချင်း မတူညီနိုင်ကြပါဘူး။
ဒါနဲ့ ပတ်သက်ပြီး လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲမှာ မရှိသင့်၊ မပြုမူသင့်တဲ့ အခြေအနေတခုအဖြစ် Body Shaming တိုက်ဖျက်တဲ့ လှုပ်ရှားမှုတွေကို ထင်ရှားကျော် ကြားသူတွေ၊ နာမည်ကျော် အနုပညာရှင်ဆယ်လီတွေကပါ အားတက်သရော ပါဝင်နေကြပါတယ်။
လတ်တလောမှာတော့ ဆယ်ကျော်သက် အနုပညာရှင်ကောင်မလေး Billie Eilish က Body Shaming နဲ့ ပတ်သက်တဲ့ ရုပ်သံအတိုလေးတခုကို သူ့ရဲ့ အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားခဲ့တာကို တွေ့ရပါတယ်။
သူဟာ ပြီးခဲ့တဲ့ ဂရမ်မီတေးဂီတဆုချီးမြှင့်ပွဲမှာ ဆုအများဆုံး သိမ်းပိုက်သွားနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး အနုပညာရှင် ဖြစ်လာခဲ့တာပါ။
အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ Billie Eilish ဟာ ၆၂ ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ ဆုချီးမြှင့်ပွဲမှာ Album of the Year ဆုအပါအဝင် ဆုပေါင်း ၅ ဆုရရှိခဲ့တာပါ။
အရင်က Album of the Year ဆုကို Fearless တေးအယ်လ်ဘမ်နဲ့ အဆိုတော် တေလာဆွစ်ဖ်က အသက် ၂၀ အရွယ်မှာ ဆွတ်ခူးခဲ့တာမို့ Billie Eilish က ခုလိုဆွတ်ခူး နိုင်ခဲ့တာဟာ စံချိန်တင်အသက်အငယ်ဆုံး အနုပညာရှင်ဖြစ်လာခဲ့တာပါ။
ခုလတ်တလော မျှဝေလိုက်တဲ့ ရုပ်သံကိုတော့ Not My Responsibility လို့ အမည် ပေးထားပါတယ်။
ရုပ်သံထဲမှာတော့ အီလက်ထရိုဂီတနောက်ခံအသံနဲ့ အစပြုထားခဲ့ပြီးနောက်မှာတော့ သူက အနက်ရောင် ဟူဒီတထည်နဲ့ ရပ်နေခဲ့တာကို တွေ့ရမှာပါ။
အဲဒီနောက်တော့ “ရှင်တို့ ကျမကို သိသလား”၊ “ကျမကို ခုထက်ပိုပြီး သေးသွားစေ ချင်သလား”၊ “ပိုအားနည်းစေလိုသလား”၊ “ပိုနူးညံ့စေလိုသလား”၊ အရပ်ပိုရှည်လာစေချင် သလား”၊ “ပိုတိတ်ဆိတ်စေလိုသလား”အစချီ မေးခွန်းတွေနဲ့အတူ အဝတ်တွေကိုလည်း တထပ်ချင်း ချွတ်ပြခဲ့ကာ နောက်ဆုံး ရေထဲငုပ်လျှိုးသွားခဲ့ချိန်အထိ သရုပ်ပြခဲ့တာကို တွေ့ရပါတယ်။
ရုပ်သံအဆုံးပိုင်းမှာတော့ Billie Eilish က “လူတွေရဲ့ အရွယ်အစားပေါ် မူတည်ပြီး ကျမတို့က သူဘယ်သူဖြစ်တယ်၊ ဘယ်လောက်တန်တယ်ဆိုတာကို ကောက်ချက်ချဆုံး ဖြတ်ကြတယ်။ ကျမက ပိုပြီး ဝတ်ထားမယ်၊ လျှော့ပြီး ဝတ်ထားခဲ့မယ်ဆိုရင် အဲလိုဖြစ်စေ ဖို့ ဘယ်သူက ဆုံးဖြတ်တာလဲ။ အဲဒီအဓိပ္ပါယ်က ဘာလဲ။ ကျမရဲ့ တန်ဖိုးက ရှင်တို့ အမြင် သုံးသပ်ချက်တွေပေါ် အခြေခံရမှာလား။ ဒါမှမဟုတ် ကျမနဲ့ ပတ်သက်တဲ့ ရှင်တို့ရဲ့ အမြင်အပေါ် ရှင်တို့ပဲ တာဝန်ယူရမှာ မဟုတ်ဘူးလား” ဆိုပြီး အဆုံးသတ်ထားပါတယ်။
လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ယူကျုဘ်ပေါ်မှာ ရက်ပိုင်းအတွင်း ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။
8 months Ago