ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက အစ္စရေးဆိုက်ဘာစောင့်ကြည့်လုပ်ငန်း NSO အုပ်စုကို တရားစွဲ

October 31, 2019

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက အစ္စရေးဆိုက်ဘာစောင့်ကြည့်လုပ်ငန်း NSO အုပ်စုကို တရားစွဲ 

WhatsApp သုံးစွဲသူတွေဆီကနေ ဆိုက်ဘာဖောက်ထွင်းခိုးယူမှုနဲ့ အစ္စရေး ဆိုင်ဘာ စောင့်ကြည့်ရေးလုပ်ငန်း NSO အုပ်စုကို ဖေ့စ်ဘွတ်ခ် နိုင်ငံတကာကော်ပိုရေးရှင်းက  ဆန်ဖရန်စစ္စကို ခရိုင်တရားရုံးမှာ အောက်တိုဘာ ၂၉ ရက်က တရားစွဲလိုက်ပါတယ်။  အကြီးတန်း အစိုးရအရာရှိတွေ၊ နိုင်ငံရေးအရသဘောထား ကွဲလွဲသူတွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ သံတမန်တွေနဲ့ သတင်းထောက်တွေ အပြင် တခြားလူတွေကို ပစ်မှတ်ထား ဖောက်ထွင်းခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ် တရားစွဲတဲ့ အမှုတွဲမှာ ဖော်ပြထားပါတယ်။   ပြီးခဲ့တဲ့နှစ်က လူ ၁၀၀ ထက်မနည်းကို ပစ်မှတ်ထားပြီး ဆိုက်ဘာ တိုက်ခိုက်ခဲ့တယ်လို့ ဖေ့စ်ဘွတ်ခ် ပိုင်တဲ့ WhatsApp က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။  ဒီဖြစ်ရပ်အတွက် မှတ်ချက်ပေးဖို့တောင်းဆိုပေမယ့် အစ္စရေးအစိုးရကရော ဝါရှင်တန်မြို့တော် မှာရှိတဲ့ NSO ကို ပူးတွဲတည်ထောင်သူနဲ့ ကုမ္ပဏီကိုယ်စားလှယ်တွေက တစုံတရာ မတုံ့ပြန်သေးပါဘူး။ ဖေ့စ်ဘွတ်ခ်ဟာ သူ့ ဝန်ဆောင်မှုတွေနဲ့ WhatsApp တို့ကို NSO က လက်လှမ်း မမီအောင် တားမြစ်ပိတ်ပင်ဖို့ ကြိုးစားနေပါတယ်။  မေလတုန်းကလည်း ဖုန်းခေါ်ဆိုမှုတွေကို အပိုင်စီးဖို့ WhatsAppရဲ့ အပြစ်အနာအဆာတွေကို NSO က သုံးတယ်ဆိုတဲ့ စွဲချက်ကို ရင်ဆိုင်ခဲ့ရပါသေးတယ်။  NSO ကလည်း သူ့ရဲ့ နည်းပညာကို အလွဲသုံးမှု စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးမယ်လို့ မေလတုန်းက ပြောဖူးပါတယ်။  NSOက ဒီနှစ်အစောပိုင်းမှာ လန်ဒန်အခြေစိုက် ပုဂ္ဂလိကလုပ်ငန်း နိုဗယ်ပီနာ ကက်ပီတယ်လ် ကနေ ဆော့ဖ်ဝဲလ် ကို ဝယ်အပြီး သူ့ ဆော့ဖ်ဝဲလ်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ဖို့ သုံးတာလို့ ပြောခဲ့ပါတယ်။  သြဂုတ်လကတော့ NSOကို ပူးတွဲ တည်ထောင်သူက "60 Minutes" အစီအစဉ်ကို ရောက်လာပြီး သူ့ရဲ့ စပိုင်ဝဲလ်ဟာ ထောင်သောင်းချီနေတဲ့ လူတွေရဲ့ သတင်းအချက်အလက် တွေကို သိမ်းထားခဲ့ပြီးပြီလို့ ဂုဏ်ယူ ပြောဆိုခဲ့ပါတယ်။ အသေးစိတ် အချက်အလက်တွေကိုတော့ မပြောခဲ့ပါဘူး။  NSO ဟာ ဟားဗတ် တက္ကသိုလ်က နိုင်ငံတကာ လုံခြုံရေးဘာသာရပ် အကြီးတန်း ကထိကနဲ့ ပင်ဆယ်ဗေးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်းတို့ အပါအဝင် ထင်ရှားတဲ့ အကြံပေးတွေကိုလည်း တသီကြီး ငှားထားပါသေးတယ်။  အရင်လကတော့ သူဟာ လူ့အခွင့်အရေး အလွဲသုံးစားမှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ လမ်းညွှန်ချက်တွေကို စပြီး လိုက်နာနေပြီလို့ NSO က ကြေညာခဲ့ပါတယ်။
2 years Ago
Up