ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ

December 11, 2020

လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေးဥပဒေကို ချိုးဖောက်မှုဖြင့် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ တရားစွဲခံရ

ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ Instagramနဲ့ WhatsApp အပလီကေးရှင်းတွေကို အတင်းအကျပ် ရောင်းချရစေနိုင်တဲ့ တရားစွဲဆိုမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဖေ့စ်ဘွတ်ခ်ဟာ တစ်ဦးတည်း လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေးဥပေဒကို ချိုးဖောက်ပြီး ကုမ္ပဏီကို ခွဲရောင်းသင့်တယ်လို့ဆိုကာ  ဒီဇင်ဘာ ၉ ရက်မှာ နယူးယောက်ပြည်နယ်က ဖေ့စ်ဘွတ်ခ် တရားစွဲဆိုလိုက်ပါတယ်။        ဒီတရားစွဲဆိုမှုမှာ အမေရိကန်ပြည်နယ်အားလုံးနီးပါး ပါဝင်လာပြီး အမေရိကန် ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်ရဲ့ တရားစွဲဆိုမှုနဲ့အတူ  ပြုလုပ်သွားမှာပါ။  တရားစွဲဆိုမှု နှစ်ခုနဲ့အတူ ဖေ့စ်ဘွတ်ဟာ ဒီဆောင်းတွင်းမှာ တရားစွဲဆိုမှုကြီးကို ရင်ဆိုင်ရတဲ့ ဒုတိယမြောက်နည်းပညာကုမ္ပဏီ ဖြစ်လာပါတယ်။ ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်က  Instagramနဲ့  WhatsApp  အပါအဝင် ပိုင်ဆိုင်မှု လျှော့ချရေး လိုအပ်တဲ့ တရားရုံးအမိန့် ရအောင် ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။  ၁၉၉၈ ခုနှစ်တုန်းက မိုက်ခရိုဆော့ဖ်ကော်ပိုရေးရှင်းအပေါ်  ပြုလုပ်တဲ့ တရားစွဲဆိုမှုနဲ့ နှိုင်းယှဉ်ရင် ဒီတရားစွဲဆိုမှုဟာ တစ်ဦးတည်း လက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေးဥပဒေတွေနဲ့ မျိုးဆက်တစ်ခုအတွင်း အကြီးမားဆုံး တရားစွဲဆိုမှု ဖြစ်ပါတယ်။  ဒီသတင်းထွက်ခဲ့ပြီးနောက် ဖေ့စ်ဘွတ်ခ်ရဲ့ ရှယ်ယာဈေးတွေ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
12 months Ago

December 19, 2019

သတင်းတုများတားဆီးရန် ရွေးကောက်ပွဲကော်မရှင်နှင့် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဆွေးနွေး  

ရွေးကောက်ပွဲဆိုင်ရာ သတင်းအမှားတွေ၊ အမုန်းစကားတွေနဲ့ သတင်းအတုအယောင်တွေ ကာကွယ်တားဆီးဖို့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့ အရှေ့တောင်အာရှဆိုင်ရာ ပြည်သူ့ရေးရာမူဝါဒ ဒါရိုက်တာ ရဖဲလ်ဖရန်ကယ်လို့ တွေ့ဆုံဆွေးနွေးကြပါတယ်။ ဒီဇင်ဘာ ၁၈ ရက် မနက် ၁၀ နာရီက  နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ ကော်မရှင်ကသတင်းထုတ်ပြန်ပါတယ်။ တွေ့ဆုံရာမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူလူထုအသိပညာပေးခြင်းနဲ့  မဲဆန္ဒရှင်အသိပညာပေးခြင်းတို့အတွက် ဖေ့စ်ဘွတ်ခ်မှ ကူညီဆောင်ရွက်ပေးနိုင်မည့်လုပ်ငန်းစဉ်တွေဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ တွေ့ဆုံပွဲကို ကော်မရှင်အဖွဲ့ဝင်နဲ့  ကော်မရှင်ရုံးက တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးတဲ့အကြောင်းအရာအသေးစိတ်နဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် အစီအစဉ်တွေကိုတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိသေးပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲနီး လာတာနဲ့အမျှ ဖေ့စ်ဘွတ်ခ်ကိုအသုံးပြုပြီး နိုင်ငံရေးပါတီအလိုက် မဲဆွယ်စည်းရုံးဖို့အတွက် နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုလာကြတာ များလာနေပါတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ မဲဆွယ်စည်းရုံးတာတွေကို ရွေးကောက်ပွဲကော်မရှင်အပါအဝင်သ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းတွေအနေနဲ့ ထိန်းချုပ်ဖို့လိုနေပြီလို့  နိုင်ငံရေးပါတီ တချို့နဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။  ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ဘယ်လပိုင်းမှာ ကျင်းပမယ်ဆိုတာကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ 
2 years Ago
Up