ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ

February 6, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖော်မြူလာ ဝမ်းကားမောင်းပြိုင်ပွဲ ရွှေ့ဆိုင်းရန်စီစဉ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၅၀၀ လောက်သေဆုံးသွားခဲ့ပြီးနောက်တရုတ်နိုင်ငံမှာ လုပ်မယ့်  ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲကို ရွှေ့ဆိုင်းဖို့ ဒါမှမဟုတ် ဖျက်သိမ်းဖို့ ပြိုင်ပွဲ ကျင်းပရေးတာဝန်ရှိသူတွေက စီစဉ်နေတယ်လို့ သိရပါတယ်။ ဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် အားကစားပွဲစဉ်တော်တော်များ များကိုလည်း ဖျက်သိမ်းထားပြီး ဧပြီ ၁၉ ရက် ကျင်းပမယ့် ဖော်မြုလာဝမ်းပြိုင်ပွဲကိုလည်း ရပ်ဆိုင်းထားမယ့် အခြေအနေမှာ ရှိနေပါတယ်။ လတ်တလောအခြေအနေတွေအရ FIA ရဲ့တာဝန်ရှိသူတွေဟာ လန်ဒန်မြို့မှာ ဆွေးနွေး ညှိနှိုင်းနေကြပေမယ့် အဖြေထွက်ပေါ်လာခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။ အိမ်နီးချင်း ဂျပန်နိုင်ငံဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအသေအပျောက် မရှိသေးပေမဲ့ ကူးစက်ခံရသူ အနည်းဆုံး ၁၀ ယောက်ထိ ရှိလာတာကြောင့် တိုကျိုအိုလံပစ်ပြိုင်ပွဲကို ထိခိုက်မှာ စိုးရိမ်နေတယ်လို့ သိရပါတယ်။
1 year Ago
Up