ဖော့ခ်လန်ကျွန်း

November 11, 2020

ဖော့ခ်လန်ကျွန်းရှိ နောက်ဆုံးမြေမြှုပ်မိုင်းများကို ဖယ်ရှားပြီးဟု ဗြိတိန် ကြေညာ

တောင်အတ္တလန္တိတ်ဒေသထဲက ဖော့ခ်လန်ကျွန်းတွေပေါ်မှာရှိတဲ့ နောက်ဆုံး မြေမြှုပ်မိုင်းတွေကို ဖယ်ရှားပြီးပြီလို့ ဗြိတိန် အစိုးရက နိုဝင်ဘာ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။ အာဂျင်တီးနားက ဗြိတိန်ပိုင်နက်ကို သိမ်းပိုက်ထားချိန်မှာ အာဂျင်တိုင်း တပ်တွေက ဗုံးတွေကို မြှုပ်ထားခဲ့ပြီး နှစ် ၄၀ နီးပါးအကြာမှာ အကုန်ပြန်ရှင်းထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။ မိုင်းတွေကို ဖယ်ရှားလိုက်တဲ့ လုပ်ရပ်ဟာ လူကို ပစ်မှတ်ထား ထိခိုက်စေတဲ့ မိုင်းတွေကို တားမြစ်ပိတ်ပင်ရေးသဘောတူညီချက်က သတ်မှတ်ထားတဲ့ တာဝန်ဝတ္တရားကို ဗြိတိန်က ကျေပွန်ခဲ့တဲ့သဘောပဲလို့ ဗြိတိန် နိုင်ငံခြားရေးရုံး (FCDO) က ပြောပါတယ်။ ကမ္ဘာပေါ်က ဗြိတိန်ရဲ့ ပိုင်နက်မြေ ဘယ်နေရာမှာမဆို လူကို ပစ်မှတ်ထား ထိခိုက်စေတဲ့ မိုင်းတွေ အခု မရှိတော့ဘူးလို့လည်း ထပ်ပြောပါတယ်။  အာဂျင်တီးနားဟာ ဖော့ခ်လန်ကျွန်းစုကို ကျူးကျော်အပြီး ၁၉၈၂မှာ သိမ်းပိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ကျွန်းကို ပြန်သိမ်းဖို့ ဗြိတိန်က အထူးတပ်ဖွဲ့ စေလွှတ်ခဲ့လို့ တိုက်ပွဲအတွင်း အာဂျင်တီးနား စစ်သည် ၆၀၀ နဲ့ ဗြိတိန် စစ်သည် ၂၅၅ ယောက် သေဆုံးခဲ့ပါတယ်။ ဗြိတိန်က ရန်ပုံငွေပေးပြီး ၂၀၀၉ မှာ စခဲ့တဲ့ ကျွန်းပေါ်က မိုင်းရှင်းရေးအစီအစဉ်ဟာ မူလ စီစဉ်ထားချိန်ထက် ၃ နှစ်စော ပြီးစီးခဲ့တယ်လို့ FCDO က ပြောပါတယ်။
2 years Ago
Up