ဖောင်းဆိုင်ရွာ

September 26, 2021

ဖောင်းဆိုင်ရွာက ဒေသခံပြည်သူတစ်ဦး မိုင်းနင်းမိသေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့က ဖောင်းဆိုင်ဒေသမှာ စက်တင်ဘာ ၂၅ ရက်နေ့လယ် ၁၂ နာရီလောက်က ဒေသခံ ပြည်သူတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဖောင်းဆိုင်ဘက်က စစ်ကောင်စီတပ်တွေ ထောင်ထားတဲ့ မိုင်းကို အရပ်သားပြည်သူက သွားနင်းမိတာ။ နေ့လယ် ၁၂ နာရီ လောက်က။ မိုင်းထောင်ထားလို့ မနေ့ညပဲ ရွာကလူတွေကို လမ်းဘေးတွေ၊ လမ်းမတွေဘက် မသွားလာဖို့ စစ်ကောင်စီက လိုက်ပြောထားတာ။ သူက မှိုသွားရှာတာ။ မိုင်းနင်းမိတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

မိုင်းနင်းမိ သေဆုံးသွားသူက ဖောင်းဆိုင်ဈေးရွာက အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး တောထဲ မှိုထွက်ရှာတာကြောင့် မိုင်းနင်းမိ သေဆုံးသွားတာလို့ ဆိုပါတယ်။ 

စစ်ကောင်စီဘက်က စက်တင်ဘာ ၂၅ ရက်မှာလည်း မုံးကိုးမြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ မကြာခဏ ရမ်းသမ်းပစ်နေကြောင်း မုံးကိုးနဲ့ ဖောင်းဆိုင်ကြားက ရွာတစ်ရွာမှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။ 

မုံးကိုးမြို့အနီးက နော့်ဂူရွာဘက်မှာလည်း စက်တင်ဘာ ၂၃ ရက်ကစပြီး စစ်ကောင်စီဘက်က ရွာအနီးနားတွေမှာ ရွာထဲကနေပြီး မကြာခဏ တောဘက် ရမ်းသမ်းပစ်ခတ် ခြိမ်းခြောက်နေတာ ကြောင့် ရွာခံတွေက ထိတ်လန့် စိုးရိမ်နေကြပြီး အများစုက တရုတ်နယ်ခြား စည်းရိုးနား ယာယီခိုလှုံဖို့ တဲထိုး နေထိုင်နေကြရတာလို့ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

ဇူလိုင်လ ၃ ရက်စပြီး မုံးကိုး ဖောင်းဆိုင်ဒေသဘက် စစ်ကောင်စီနဲ့ ကိုးကန့် MNDAA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် မန်းယန်နဲ့ ဘန်မွေးရွာတို့မှ ပြည်သူ ၁၇၀ ကျော် တရုတ်နယ်ခြားစည်းရိုးဘက် တိမ်းရှောင်နေဆဲဖြစ်ပါတယ်။ 

စက်တင်ဘာ ၂၄ ရက်ကလည်း ၁၀၅ မိုင်၊ အောက်နမ့်ဟွယ်ရွာက မိုင်တဲတာဝါတိုင်နားမှာလည်း  ဖုန်းကုမ္ပဏီ ဝန်ထမ်းတစ်ဦး မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။

3 weeks Ago
Up