ဖောက်ခွဲဖျက်ဆီး

July 10, 2022

၁ လအတွင်း ဆက်သွယ်ရေးနှင့်အင်တာနက်လိုင်း မဖွင့်လျှင် ဖောက်ခွဲဖျက်ဆီးမည်ဟု ပေါက်တောင်ပိုင်း PDF သတိပေး

မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းမှာ တလအတွင်း ဆက်သွယ်ရေးဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြန်မဖွင့်ပေးပါက အမ်ပီတီ၊ တယ်လီနော တာဝါတိုင်တွေကို ဖောက်ခွဲ ဖျက်ဆီးပြီး လက်နက်ထုတ်ရာမှာ အသုံးပြုသွားမယ်လို့ ပေါက်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၉ ရက်မှာ သတိပေးလိုက်ပါတယ်။

ပေါက်မြို့နယ်တောင်ပိုင်းကို မေ ၂၈ ရက်က စတင်ပြီး ဆက်သွယ်ရေးဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားလို့ သတင်းစီးဆင်းမှုရပ်တန့်သွားပြီး ကာကွယ်ရေးတပ်ဖွဲ့ တွေနဲ့ ပြည်သူတွေအတွက် အခက်အခဲ ကြုံနေရတယ်လို့ ပေါက်-GZ တပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်စနေက ပြောပါတယ်။

ပေါက်တောင်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့တွေမှာ ဆက်သွယ်ရေးစကားပြောစက်တွေ လုံလောက်မှု မရှိသလို အထိုင်စက်တွေလည်း အလုံအလောက်မရှိတဲ့အတွက် ဖုန်းလိုင်းမိတဲ့နေရာတွေကို ရှာဖွေပြီး အသုံးပြုနေရတယ်လို့ ဆိုပါတယ်။

ဗိုလ်စနေက “ဒီနေ့ ဇူလိုင် ၉ ရက်နေ့ကနေ စလို့ ၁ လ အချိန်ပေးထားတယ်။ ၁ လအတွင်းမှာ ဖွင့်မပေးဘူးဆိုရင် ဖောက်ခွဲဖျက်ဆီးပြီး အမ်ပီတီ/တယ်လီနောမမတွေ ထုတ်လုပ်ပြီး တော်လှန်ရေးအတွက် အသုံးပြုသွားမယ်” လို့ ပြောပါတယ်။

ရွာဘက်တွေမှာ ဆက်သွယ်ရေး ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ စစ်ကြောင်း ဝင်တာတွေလည်း မသိရတော့ မပြေးနိုင်တာကြောင့် ဖမ်းဆီးခံရသူတွေနဲ့ အသက်ဆုံးရှုံးခဲ့ရသ်တွေရှိတယ်လို့ ကင်းမကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

ထီးလင်းမြို့နယ်မှာလည်း ဆက်သွယ်ရေးကုမ္ပဏီတွေက ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတိပေးချက် ကို လိုက်နာမှုမရှိတဲ့အတွက် ဇွန် ၁၈ ရက်မှာ ထီးလင်း-PDF က အမ်ပီတီ တာဝါတိုင် တတိုင်ကို ဖြိုချ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

7 months Ago

May 31, 2022

ပေါက်-ပခုက္ကူကားလမ်းပေါ်ရှိ အုန်းတောတံတား အမှတ်(၁) ဖောက်ခွဲဖျက်ဆီးခံရ

စစ်ကောင်စီယာဥ်တန်းတွေ ဖြတ်သန်းသွားလာလေ့ရှိတဲ့ ပေါက်-ပခုက္ကူကားလမ်းပေါ်က အုန်းတောတံတား အမှတ်(၁)ကို  မေလ ၃၀ ရက်  ည ၁၂ နာရီလောက်မှာ PDF-မကွေး တပ်ရင်းက ဖောက်ခွဲ ဖျက်ဆီးခဲ့တယ်လို့ PDF-မကွေး ကနေသိရပါတယ်။

မကွေးတိုင်းဒေသကြီး၊  ပေါက်မြို့အဝင် အုန်းတောတံတားဟာ ယောဒေသဘက်ကို စစ်ကောင်စီတပ်တွေ ရိက္ခာပို့၊ စစ်ကြောင်းထိုးရာမှာ အများဆုံးအသုံးပြုတဲ့ တံတားဖြစ်တယ်။ 

PDF-မကွေးရဲ့ တပ်ရင်းမှူး ဗိုလ်ညိုကြီးက “အဲဒီတံတားကို မနေ့က ည ၁၁ နာရီ ၅၅ မိနစ်မှာ အဝေးထိန်းမိုင်းလုံးနဲ့ ဖောက်ခွဲရာ မိုင်း တလုံးကွဲပြီး တံတားဖျက်ဆီးခဲ့တယ်။ မိုင်းတွေကတော့ တံတားတစင်းလုံး အပြည့်ဆင်ထားပြီး တလုံးပဲ ပေါက်ကွဲသေးတာ။ တံတားကတော့ ကားတွေဖြတ်သန်းသွားလာလို့ မရတော့ဘူး။ ဆိုင်ကယ်တွေတော့ သွားလို့ရတယ်”လို့ ပြောပါတယ်။

ဒီတံတား အနီးနားမှာ ကပစ(၂၄) တပ်ရှိပြီး စစ်ကောင်စီတပ်က  ပတ်ဝန်းကျင် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ နေရာမှာလည်း အဓိကအသုံးပြုခဲ့တဲ့ တံတား ဖြစ်တယ်လို့ဆိုပါတယ်။

ဗိုလ်ညိုကြီးက “မကွေးတိုင်းအထက်ပိုင်း တောင်ပေါ်ဒေသနဲ့ ချင်းပြည်နယ်ဘက်ကို စစ်ကောင်စီက ထိုးစစ်ဆင်တဲ့အခါမှာလည်း အဓိကအသုံးပြုနေတဲ့တံတားဖြစ်တာကြောင့် မဖြစ်မနေ ဖြတ်တောက်ရမှာမို့လို့ ဖြတ်တောက်ပေးလိုက်တာ။ စစ်ဆင်ရေးမှာ ဖြတ်တောက်ရေးက အရေးပါတာဖြစ်လို့ တောင်ပေါ်ဒေသတွေကို ထိုးစစ်ဆင်တဲ့အခါ စစ်(...)တွေအတွက် အဟန့်အ တား ဖြစ်အောင်ရည်ရွယ်ပြီး ဖောက်ခွဲလိုက်တာ”ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လည်း စစ်ဗျူဟာမြောက်တဲ့ လက်နက်ကိုင် တော်လှန်ရေးကို အရှိန်မြှင့်တင်နေတာဖြစ်လို့ စစ်ကောင်စီရဲ့ ထိုးစစ်ကို ရပ်တန့်နိုင်ဖို့ တွန်းအားပေး လုပ်ဆောင်နိုင်အောင်ရည်ရွယ်ပြီး ဖောက်ခွဲခဲ့တာလို့ သိရပါတယ်။

8 months Ago
More News
Up