ဖောက်ခွဲ

April 13, 2021

ဆန္ဒပြသူများအား ဖြိုခွင်းရန်လာသည့် ရဲနှင့်စစ်တပ်ယာဉ်တန်းကို KIA က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖားကန့်မြို့ အေးမြသာယာရပ်ကွက် ဖားကန့်-ရှရော်ခ-မှော်တောင်း ကျေးရွာသွားလမ်းဆုံမှာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရဲနဲ့စစ်တပ်ယာဉ်တန်းဟာ ဒီနေ့မနက် ဆယ်နာရီကျော်လောက်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။

"ကြည့်ရတာတော့ အဝေးထိန်းခလုပ်နဲ့ဖောက်ခွဲတာဖြစ်ဖို့များတယ်။ ကားကြီးက အပေါ်ကို တော်တော်မြောက်တက်သွားတာ၊ စစ်သားနဲ့ရဲတွေတော့ ဒဏ်ရာတော်တော်ပြင်းပြင်းထန်ထန် ရလိမ့်ထင်တာ်ဗျ" မျက်မြင်တွေ့ရတဲ့ အေးမြသာယာ ရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာတွေ ရရှိခဲ့တဲ့အပြင် အရပ်သား ၃ ဦးလည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံရဲနဲ့စစ်တပ်ဘက်က ဒဏ်ရာရသူအရေအတွက်ကို မသိရပေမဲ့ ကျောင်းအုပ်ဆရာတဦးအပါအဝင် ပြည်သူ ၃ ဦးဟာ မိုင်းစထိမှန် ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါ တယ် ။

မိုင်းခွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ရဲတပ်ဖွဲ့ယဉ်တန်းဟာ ဆိပ်မူကျေးရွာအုပ်စု မမုံကျေးရွာမှာ ဒီနေ့မနက် ဆယ်နာရီကျော်လောက်က စစ်အာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲကို အင်အားအလုံးအရင်းနဲ့ဖြိုခွဲဘို့ လာရောက်စဉ် ကချင်လွတ်မြောက်ရေး တပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ပြည်သူတချို့က ပြောပါတယ်။

ရဲတပ်ဖွဲ့နဲ့စစ်တပ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီ ရဲ့တပ်နဲ့ရဲတွေဟာ သေနတ်တွေနဲ့ ဒရစပ်ပစ်ခတ်နေပြီး လမ်းမတွေပေါ်က တွေ့သမျှလူတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ပြုလုပ်နေတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

"တမြို့လုံး သေနတ်သံတွေ ခုချိန်ထိ ဆူညံနေတာပဲ။ တွေ့သမျှမြင်သမျှ လူတွေ အကုန်ဖမ်းနေတာ။ လောလောဆယ် ဆရာဝန်တဦးနဲ့ ကလေးငါးယောက်ကိုဖမ်းခေါ်သွားတယ်" လို့ အမည်မဖော်ဝံ့တဲ့ ဖားကန့် မြို့ခံတဦးက ပြောပါတယ်။

6 days Ago

May 14, 2020

ဂျာမနီနိုင်ငံတွင်  နျူကလီးယားစက်ရုံဟောင်းက မျှော်စင် ၂ ခုကို ဖောက်ခွဲ

ဂျာမနီနိုင်ငံတောင်ပိုင်းမှာ မေလ ၁၄ ရက်က   အသုံးမပြုတော့တဲ့ နျူကလီးယားစက်ရုံရဲ့ အအေးပေးမျှော်စင်နှစ်ခု  ထိန်းချုပ်ဖောက်ခွဲပုံကို  အံ့ဖွယ် မြင်တွေ့ရပါတယ်။  ဒါဟာ  ဂျာမနီအနေနဲ့ နျူစွမ်းအင်အသုံးပြုတာကို ရုပ်သိမ်းတဲ့ အဆင့်တစ်ဆင့်ကို လှမ်းလိုက်တာပါ။  ၂၀၁၉ နှစ်သစ်အကြိုနေ့မှာ EnBW လျှပ်စစ်ထုတ်လုပ်ရေးကုမ္ပဏီက  ဖိလစ်ဘို့ခ် ၂-  ဓါတ်အားပေးစက်ရုံ လုပ်ငန်းတွေကို ရပ်ဆိုင်းပြီး လာမယ့် နှစ်နှစ်မှာလည်း  ဓာတ်အားပေးစက်ရုံ  ဒါဇင်ဝက်လောက်ကို  ပိတ်ပစ်သွားမှာပါ။  ဖြိုချခဲ့တဲ့ နေရာမှာ ထရန်စ်ဖော်မာ စက်ရုံသစ် တည်ဆောက်မှာ ဖြစ်ပြီး   ဂျာမနီ မြောက်ပိုင်းက လျှပ်စစ်ဓါတ်အားတွေကို  တောင်ပိုင်းကို ပို့ဆောင်သွားမယ်လို့  EnBW  ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့ပါတယ်။  ဒါ့အပြင် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် မပျံ့နှံ့စေဖို့ ကန့်သတ်ချက်တွေ  ချမှတ်ထားချိန်မှာ   လူစုလူဝေး မဖြစ်စေဖို့ မျှော်စင်ဖြိုချမယ့် အချိန်ကို လျှို့ဝှက်ထားတယ်လို့ ကုမ္ပဏီက ပြောကြား ပါတယ်။    ဒီလို ထိန်းချုပ်ဖောက်ခွဲဖြိုချမှုကို သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေး  ဂရင်းစ်ပိစ်အဖွဲ့က ကြိုဆိုလိုက်ပြီး  ဒါဟာ ခေတ်ကုန်နေတဲ့ စွမ်းအင်ထောက်ပံ့နည်းကနေ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ပြောင်းလဲတဲ့ လက္ခဏာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ 
11 months Ago
Up