ဖလော်ရီဒါကျောင်း

February 24, 2018

ဖလော်ရီဒါကျောင်း ပစ်ခတ်မှု ဟန့်တားရန်ပျက်ကွက်ခဲ့သည့် လုံခြုံရေးအရာရှိ ရာထူးမှနုတ်ထွက်

ဖလော်ရီဒါပြည်နယ် အထက်တန်းကျောင်းပစ်ခတ်မှုမှာ ၀င်ရောက်ဟန့်တားဖို့ ပျက်ကွက်ခဲ့တဲ့ လုံခြုံရေးအရာရှိဟာ ရာထူးက နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ဖြစ်ပွားခဲ့တဲ့ ဖလော်ရီဒါ အထက်တန်းကျောင်းပစ်ခတ်မှုမှာ ပစ်ခတ်မှုဖြစ်ပွားနေစဉ် ကျောင်းဝင်းလုံခြုံရေးအတွက် တာဝန်ပေးခံထားရတဲ့ အရာရှိဟာ ကျောင်းဝင်းအပြင်မှာ ရှိနေခဲ့ပေမယ့် ၀င်ရောက်ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ်လို့ ဒေသရဲတပ်ဖွဲ့ အကြီးအကဲက ဖေဖော်ဝါရီ ၂၂ ရက်နေ့က ပြောကြားခဲ့တာပါ။ အဲ့ဒီရဲအရာရှိကို အခင်းဖြစ်ဖြစ်ချင်းမှာ ရာထူးကနေ ခေတ္တရပ်ဆိုင်းထားချိန်မှာပဲ နုတ်ထွက်သွားခဲ့တယ်လို့ ဘရော့ဝပ် စီရင်စု ရဲတပ်ဖွဲ့အကြီးအကဲ စကော့ အစ္စရေးက ပြောပါတယ်။ “ဖြစ်ရပ်ကို ဗွီဒီယိုမှာ ပြန်ကြည့်ပြီးတဲ့နောက်  စစ်ဆေးမေးမြန်းတာတွေ လုပ်မနေတော့ဘဲ စကော့ပီတာဆန်ကို တာဝန်ကနေ ရပ်ဆိုင်းဖို့ အဲဒီမနက်မှာပဲ ကျနော်ဆုံးဖြတ်ခဲ့ပါတယ်။ အခင်းဖြစ်ချိန်မှာ သူသိခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ သူနေရာယူခဲ့ပါတယ်။ အဲဒီနေရာက ကျောင်းဝင်းထဲကို  အ၀င်အထွက်များတဲ့ အနောက်ဝင်ပေါက်ပါ။ သူ အဲဒီနေရာမှာပဲရှိနေခဲ့ပါတယ်။ အခင်းဖြစ်ချိန်မှာ ကျောင်းဝင်းထဲကို သူလုံးဝမ၀င်ခဲ့ဘူး” လို့ ပီတာဆန်ရဲ့ တာဝန်ကင်းမဲ့မှုကို အစ္စရေးက ပြောပြခဲ့တာပါ။ ပီတာဆန်အနေနဲ့ တာဝန်ပျက်ကွက်မှုနဲ့ အရေးယူခံရနိုင်ခြင်း ရှိမရှိကိုတော့ စကော့ အစ္စရေးက ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဖလော်ရီဒါပြည်နယ် အထက်တန်းကျောင်း တကျောင်းမှာ ကျောင်းသားဟောင်းတဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျောင်းသားကျောင်းသူနဲ့ ကျောင်းဝန်ထမ်း ၁၇ ဦး သေဆုံးခဲ့ရပါတယ်။
3 years Ago
Up