ဖေမီနို

July 29, 2022

တိုက်စစ်မှူး ဖေမီနိုကို ရောင်းချမည်မဟုတ်ဟု နည်းပြကလော့ပ်ပြော

တိုက်စစ်မှူး ဖေမီနိုဟာ လီဗာပူးအသင်းရဲ့ အသည်းနှလုံးဖြစ်တာကြောင့် ရောင်းချဖို့ မရှိကြောင်း နည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။

စာချုပ်သက်တမ်း တနှစ်ပဲကျန်တော့တဲ့ ဘရာဇီးတိုက်စစ်မှူးကို အီတလီထိပ်သီးကလပ် ဂျူဗင်တပ်စ်အသင်းက ခေါ်ယူဖို့ ကမ်းလှမ်းမှုတခု ပြုလုပ်ထားတာပါ။

နည်းပြ ယာဂန်ကလော့ပ်ကတော့ တိုက်စစ်မှူး ဖေမီနိုဟာ အရေးပါတဲ့ ကစားသမားဖြစ်ပြီး  ဘာဖြစ်မလဲဆိုတာ မသိပေမဲ့ အသင်းအတွက် လိုအပ်တဲ့သူဖြစ်ကြောင်း ပြောပါတယ်။

“ဘော့ဘီက အသင်းရဲ့ အသည်းနှလုံး ဝိညာဉ်ပါပဲ။ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျနော်တို့ ကစားသွားတဲ့ ကစားကွက်ကို ဘော့ဘီကြောင့်သာ ကစားနိုင်ခဲ့တာပါ။ ဒါကြောင့် လက်ရှိအချိန်အထိ ရာသီကြို လေ့ကျင့်ရေးအစီအစဉ်တွေမှာ ရှိနေတာဟာ ပျော်ရွှင်စရာပါ။ သူ့ရဲ့အရည်အချင်းနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ မရှိပါဘူး။ ကျန်တာကတော့ ဒီနှစ်အတွက် ဘာဖြစ်မလဲ စောင့်ကြည့်ရမယ်။ ဒါပေမဲ့ သူက အသင်းအတွက် အရေးပါတဲ့ ကစားသမားပါ” လို့ ယာဂန်ကလော့ပ်က ပြောပါတယ်။

လီဗာပူးတိုက်စစ်မှာ မာနေး ထွက်ခွာသွားပေမဲ့ ဒီယက်ဇ်နဲ့ ဒါဝင်နူနက်ဇ်တို့အပြင် ဆာလာနဲ့ ဂျိုတာတို့ပါ ရှိနေလို့ ဖေမီနိုအနေနဲ့  ပွဲထွက်ကစားခွင့်ရဖို့ မသေမချာ ဖြစ်နေပါတယ်။

2 months Ago

July 26, 2022

လီဗာပူးတိုက်စစ်မှူး ဖေမီနိုကို ပေါင် ၁၉ သန်းခွဲပေးခေါ်ယူရန် ဂျူဗင်တပ်စ် ကမ်းလှမ်း

ဂျူဗင်တပ်စ်အသင်းဟာ လီဗာပူးတိုက်စစ်မှူး ဖေမီနိုကို ခေါ်ယူဖို့ ပေါင် ၁၉ သန်းခွဲနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပါတယ်။

ဘရာဇီး တိုက်စစ်မှူးဟာ မနှစ်က ရာသီက ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရသူပါ။ အခုနှစ်ရာသီမှာလည်း ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူနက်ဇ် ရောက်ရှိလာတာကြောင့် ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်ရဖို့ရှိနေတာပါ။

ဖေမီနိုဟာ အသက် ၃ဝ အရွယ်ရှိလာပြီး လီဗာပူးနဲ့ စာချုပ်သက်တမ်းလည်း တစ်နှစ်ပဲ ကျန်တော့တာကြောင့် လီဗာပူးအသင်းဘက်က ဆုံးဖြတ်ချက်ချရဖို့ရှိပါတယ်။ လီဗာပူးက  မာနေးကို ရောင်းချခဲ့သည့်တိုင် နူနက်ဇ်အပါအဝင် လူးဝစ်ဒီယက်ဇ်၊ ဒီယေဂိုဂျိုတာနဲ့ ဆာလာတို့လည်း ရှိနေတဲ့ တိုက်စစ်မှူး ဖေမီနိုတစ်ယောက် အရန်အဖြစ်နဲ့ပဲ ဆက်သွားရဖို့ရှိပါတယ်။ 

ပြီးခဲ့တဲ့မေလက အင်တာဗျူးတစ်ခုမှာတော့ လီဗာပူးအသင်းမှာ ပျော်ရွှင်နေပြီး  အသင်းမှာ ဆက်ရှိချင်ကြောင်း ဖေမီနိုက ပြောခဲ့ဖူးပါတယ်။

2 months Ago
More News
Up