ဖေဖော်ဝါရီ ၂ ရက်နေ့

February 1, 2020

ဝူဟန်မြို့ရှိ မြန်မာကျောင်းသားများကို အထူးလေယာဉ်ဖြင့် ဖေဖော်ဝါရီ ၂ ရက်နေ့ ပြန်ခေါ်မည်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာရှိတဲ့ မြန်မာကျောင်းသား ၆၀ ကျော်ကို ဖေဖော်ဝါရီ ၂ ရက်နေ့ အထူးလေယာဉ်နဲ့ ပြန်ခေါ်ပြီး မန္တလေး ကန်တော်နဒီဆေးရုံမှာ နှစ်ပတ်ကြာ စောင့်ကြည့်သွားမယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။ ဇန်နဝါရီ ၃၁ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက အခုလို ပြောဆိုလိုက်တာပါ။ မြန်မာကျောင်းသား ၆၃ ဦးကို ကျန်းမာရေးဝန်ထမ်း ၁ ဦး၊ လေယာဉ်အမှုထမ်း ၉ ဦးနဲ့ လုံခြုံရေး ၂ ဦးနဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ အထူးလေယာဉ်နဲ့ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့ကနေ သွားရောက်ခေါ်ယူမယ်လို့ ဆိုပါတယ်။ “သူတို့ကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ပြန်ခေါ်ပြီးတော့မှ မန္တလေးမှာ ဆင်းပါမယ်။ မန္တလေးမှာရှိတဲ့ ကန်တော်နဒီဆေးရုံနေရာ အဲမှာ မန္တလေးတိုင်းဒေသကြီးအစိုးရက အသင့်ပြင်ထားပါတယ်။ အဲမှာ ၂၄ နာရီ စောင့်ကြည့်ပြီးတော့ ၁၄ ရက် ထားမှာဖြစ်ပါတယ်။ ဒီ ၁၄ ရက်ထားတာကလည်း WHO က သတ်မှတ်ထားတဲ့ အတိုင်း ပြင်ဆင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ သယ်လာတဲ့လေယာဉ်ကတော့ မန္တလေးမှာပဲ ပိုးသတ်တာလုပ်ပါမယ် ပြီးရင် လေယာဉ်က ရန်ကုန်ကို ပြန်သွားမှာဖြစ်ပါတယ်။” တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ဇန်နဝါရီလဆန်းပိုင်းလောက်ကစပြီး ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတာဖြစ်ပြီး မြန်မာအစိုးရအနေနဲ့ တရုတ်နယ်စပ်ဂိတ်တွေနဲ့ လေဆိပ်တွေမှာ ကျန်းမာရေး စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ အတည်ပြုလူနာမတွေ့ရှိရသေး ပေမယ့် ဇန်နဝါရီ ၃၁ ရက်နေ့မနက်ပိုင်း တရုတ်နိုင်ငံက လာတဲ့ ခရီးသည်တင်လေယာဉ်တစီးနဲ့ လိုက်ပါလာတဲ့ တရုတ် အမျိုးသားတဦးမှာ ရောဂါသံသယရှိလို့ ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိပါတယ်။  တရုတ်နိုင်ငံမှာ ဒီနေ့မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ စုစုပေါင်း ၂၅၉ ဦးနဲ့  ကူးစက်ခံရသူ ၁၁၇၉၁ ယောက် ရှိပြီလို့ သိရပါတယ်။
1 year Ago
Up