ဖူးခက်

August 9, 2021

ဖူးခက်တွင် ဆွစ်ဇာလန်သူအမျိုးသမီးကို ရေနှစ်သတ်ခဲ့ဟု ဖမ်းဆီးခံ ထိုင်းအမျိုးသား ဝန်ခံ

ထိုင်းတောင်ပိုင်း၊ ဖူးခက်ကျွန်းမှာ  ဆွစ်ဇာလန်နိုင်ငံသူ ကမ္ဘာလှည့်ခရီးသည်အမျိုးသမီး   ၁ ဦးကို ရေနှစ်ပြီး သတ်ဖြတ်မှု ကျူးလွန်မိကြောင်း ဖမ်းဆီးခံထားရတဲ့ ထိုင်းအမျိုးသားက  ဝန်ခံပြောကြား လိုက်ပါတယ်။

ဖူးခက်ခရိုင် ဝိချစ်မြို့နယ် ဒွန်းအောဝ်ယွန်းရေတံခွန်အနီးမှာ ပြီးခဲ့တဲ့အပတ်က ကမ္ဘာလှည့်ခရီးသည်အမျိုးသမီး ၁ ဦး အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဩဂုတ် ၇  ရက်က အသက် ၂၇ နှစ်ရွယ် ထိုင်းအမျိုးသား ၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့  ထိုင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ  ပြောပါတယ်။

အဆိုပါအမျိုးသားမှာ အသက် ၂၇ နှစ်ရွယ်ရှိ နိုင်းထီရဝပ် ခေါ် ဘန့်လီဆိုသူဖြစ်ပြီး သူဟာ အခင်းဖြစ်တဲ့နေ့က ရေတံခွန်ရှိရာတောင်ပေါ်ကို ဆိုင်ကယ်နဲ့တက်သွားတဲ့ပုံ၊ ညနေ ၃ နာရီ လောက်မှာ ပြန်ဆင်းလာတဲ့ပုံတွေကို စီစီကင်မရာကနေ တွေ့ရှိပြီး စစ်ဆေးမေးမြန်းရာမှာ ၃ မိနစ် အတွင်း ကျူးလွန်မိကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။  ခိုင်လုံတဲ့ သက်သေအဖြစ် သူ့ခန္ဓာကိုယ်က ကုတ်ခြစ်ဒဏ်ရာတွေကိုလည်း တွေ့ရပါတယ်။

ဘန့်လီက သူဟာ တောင်ပေါ်ကို သစ်ခွပန်းရှာဖို့ တက်သွားတာဖြစ်ကြောင်း၊ ရေတံခွန်အနီး စမ်းချောင်းနားမှာ နိုင်ငံခြားသူတယောက် ရေဆင်းချိုးဖို့ ဘောင်းဘီချွတ်နေတာမြင်တော့ တဏှာ စိတ်ထပြီး မုဒိမ်းကျင့်ဖို့ ကြံစည်ခဲ့ကြောင်း၊  အမျိုးသမီးက ရုန်းကန်ပြီး သူ့ကိုပြန်လုပ်တဲ့အတွက် သူက အမျိုးသမီးလည်ပင်းကိုညှစ်ပြီး ရေနှစ်သတ်ပစ်လိုက်ကြောင်း၊ အမျိုးသမီးအိတ်ထဲက ဘတ်ငွေ ၃၀၀ ယူဆောင်ပြီး မူးယစ်ဆေးဝယ်သုံးလိုက်ပြီလို့ ဝန်ခံခဲ့ပါတယ်။

သူကျူးလွန်ခဲ့ပုံတွေကိုလည်း အခင်းဖြစ်တဲ့နေရာမှာ မနေ့က ပြန်ပြီးသရုပ်ပြခဲ့ရပါတယ်။ ဘန့်လီဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာလက မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

သေဆုံးသူ ကမ္ဘာလှည့်ခရီးသည်အမျိုးသမီးကတော့ အသက် ၅၇ နှစ်ရွယ်ရှိ ဆွီဇာလန်နိုင်ငံသူ သံတမန်ဝန်ထမ်း တစ်ဦးဖြစ်ပြီး သူဟာ ဖူးခက်ဒေသခရီးသွားလုပ်ငန်း ပြန်လည်ထူထောင်ရေး Phuket Sandbox အစီအစဉ်နဲ့ ထိုင်းနိုင်ငံကို ဇူလိုင်လက အလည်အပတ်ရောက်ရှိ နေတာဖြစ်ပါတယ်။

သူမဟာ တည်းခိုရိပ်သာကနေ ဩဂုတ် ၃ ရက်က အိတ်တလုံးနဲ့ထွက်ခွာသွားပြီး ပျောက်ဆုံးနေကာ ဩဂုတ် ၅ ရက်ကမှ သူမအလောင်းကို ရေတံခွန်နားက စမ်းချောင်းမှာ ခြေထောက်ပေါ်ရုံ မိုးကာနဲ့လွှားထားပြီး ခေါင်းကို ကျောက်ခဲနဲ့ဖိထားတဲ့အနေအထားနဲ့ ရွာသား ၁ ဦးက တွေ့ရှိခဲ့တာပါ။

သူမသေဆုံးပြီးတဲ့နောက် အနီးနားတဝိုက်နေ မြန်မာအလုပ်သမားအများစုနေထိုင်တဲ့ တန်းလျားတွေကို တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးပြီး မသင်္ကာသူ တချို့ကိုလည်း ခေါ်ယူ မေးမြန်းခဲ့ပါတယ်။ ဒါ့အပြင် တရားခံကို ဖမ်းမိအောင်သတင်းပေးနိုင်သူကို ဆုငွေ ဘတ် ၂ သိန်းပေးမယ်လို့လည်း ကြေညာထားပါတယ်။

ဩဂုတ် ၃ ရက်က ရေတံခွန်တောင်ပေါ်တက်လာတဲ့သူတွေကို စီစီကင်မရာကနေ ရှာဖွေစစ်ဆေးပြီး အဖြစ်နိုင်ဆုံးဖြစ်တဲ့ ဘန့်လီကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

6 months Ago

April 4, 2020

ထိုင်းတွင် ညမထွက်ရ အမိန့်ဖီဆန်သည့် မြန်မာ ၂ ဦးအပါအဝင် လူ ၈ ဦးကို ရဲဖမ်းဆီး

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်ထဲမှာ အစိုးရက ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် ဖီဆန်တဲ့ မြန်မာအမျိုးသား ၂ ဦးအပါအဝင် လူ ၈ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ ပထုံရဲစခန်းမှ တာဝန်ကျ ရဲချုပ် အန်ကာနစ်ဒန်ဖစ်တက်ဆာ့တ်ကတော့ သူတို့တွေဟာ အစိုးရက ထုတ်ပြန်ထားတဲ့ ကာဖျူးအမိန့်ကို ဖီဆန်တဲ့အတွက် ဖမ်းဆီးခဲ့ရတာဖြစ်ပြီး ဥပဒေနဲ့အညီ အရေးယူမှုတွေ ဆက်ပြီးတော့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ ထိုင်းအစိုးရဟာ ကမ္ဘာတလွှား ကပ်ရောဂါအသွင်ဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပြန့်ပွားမှု ထိန်းချုပ်ရေးအတွက် ဧပြီ ၃ ရက်နေ့ ညပိုင်းကစပြီး တနိုင်ငံလုံး ညမထွက်ရ အမိန့်ကို ထုတ်ပြန်ထားခဲ့တာပါ။ ညမထွက်ရ အမိန့်ဟာ နေ့စဉ် ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း သတ်မှတ်ထားပြီး ဘဏ်လုပ်သားတွေ၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ၊ ဆေးပစ္စည်းတွေနဲ့ လောင်စာတွေ၊ ညဆိုင်း ခွဲလုပ်ရသူတွေကလွဲရင် အားလုံး အကျုံးဝင်တယ်လို့ ဆိုပါတယ်။        လက်ရှိ ဖမ်းဆီးခံရသူတွေထဲက မြန်မာအမျိုးသား ၂ ဦးကတော့ အသက် ၃၅ နှစ်အရွယ် ကျော်ဦးနဲ့ အသက် ၂၁ နှစ်အရွယ် ဂျာဂျားတို့ ဖြစ်ကြပြီး ထိုင်းနိုင်ငံသား ၅ ဦး၊ တရုတ် နိုင်ငံသား ၁ ဦး ပါဝင်နေခဲ့တာပါ။
2 years Ago
Up