လွှတ်တော်ရွေးကောက်ပွဲကို အောက်တိုဘာ ၃၁ ရက်ကျင်းပမယ်လို့ ဂျပန်ဝန်ကြီးချုပ်သစ် ဖူမီအို ခိရှိဒါ့က ပြောလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကို ပိုတိုးပြီး တုံ့ပြန်သွားမယ်လို့လည်း အောက်တိုဘာ ၄ ရက်နေ့က ကတိပြုလိုက်ပါတယ်။
သူ့ကိုလွှတ်တော်အမတ်တွေက ဝန်ကြီးချုပ်အဖြစ် တရားဝင်အတည်ပြုပြီး ခဏချင်းမှာ ခုလို ကြေညာလိုက်တာပါ။
ဝန်ကြီးချုပ်ရဲ့ ရွေးကောက်ပွဲ ကျင်းပမယ့် ဆုံးဖြတ်ချက်ကြောင့် နိုင်ငံရေးအကဲခတ်တွေ အံ့အားသင့်ခဲ့ကြပါတယ်။ လွှတ်တော်ကို အောက်တိုဘာ ၁၄ ရက်မှာ ဖျက်သိမ်းတော့မှာပါ။
အသက် ၆၄ နှစ်အရွယ် နိုင်ငံခြားရေးဝန်ကြီးဟောင်း ခိရှိဒါ့ဟာ သဘောတူညီချက်တွေ ရအောင် တည်ဆောက်နိုင်သူဆိုတဲ့ ပုံရိပ်ကို ရထားပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေး သက်သာရေး အထောက်အပံ့တွေပေးဖို့ စဉ်းစားမယ်၊ ကာကွယ်ဆေး မူဝါဒ၊ ဆေးဘက်ဆိုင်ရာ စနစ်ကို အားဖြည့်မှုနဲ့ စီးပွားရေး ပြန်ဖွင့်နိုင်ရေး ကူညီဖို့ ပိုတိုးစမ်းသပ်မယ့် အစီအစဉ်တွေနဲ့အတူ ကပ်ဘေးအပေါ် တုံ့ပြန်ပုံကို ကြီးကြပ်ဖို့ ဝန်ကြီးတွေကို ညွှန်ကြားပြီးပြီလို့ ဝန်ကြီးချုပ် ခိရှိဒါ့က ပြောခဲ့ပါတယ်။
ခိရှိဒါ့ဟာ စီးပွားရေး လုံခြုံရေး ဝန်ကြီး ရာထူးနေရာသစ်ကို ဖန်တီးပြီး စီးပွားရေး ဝန်ကြီးဟောင်း အာ့ခိရ အာမာရိရဲ့ နီးကပ်တဲ့ မဟာမိတ် တယောက်ကို တာဝန်ခန့်အပ်ခဲ့ပါတယ်။
သူဟာ ကုန်စည်ဖြန့်ဖြူးမှု ကွင်းဆက်နဲ့ ဆိုင်ဘာလုံခြုံရေးလို နယ်ပယ်တွေမှာ တရုတ်ဆီက အထိပါးမခံနိုင်တဲ့ နည်းပညာတွေကို ကာကွယ်ဖို့ ရည်မှန်းတဲ့ မူဝါဒတွေ ချမှတ်သူလည်း ဖြစ်ပါတယ်။
ခိရှိဒါ့ဟာ အစိုးရအဖွဲ့မှာ မျက်နှာသစ်တွေကို ရာထူးတိုးပေးဖို့ ကတိပြုထားပြီး အဖွဲ့ဝင် အယောက် ၂၀ ထဲက ၁၃ ယောက်ဟာ အစိုးရအဖွဲ့ အတွေ့အကြုံ မရှိသူတွေဖြစ်ပါတယ်။
ဒါပေမယ့် အရေးကြီးတဲ့ အလုပ်အတော်များများကို ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ မဟာမိတ်တွေနဲ့ ရာထူးက နုတ်ထွက်တော့မယ့် ဘဏ္ဍာရေးဝန်ကြီး အာဆိုတို့ရဲ့ မိတ်ဖက်တွေက တာဝန်ယူထားပါတယ်။