ဖူဆယ်နဲ့ သဲသောင်ပြင်ကော်မတီ

January 31, 2020

ဖူဆယ်နှင့်သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ အပြောင်းအလဲဖြစ်

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်ကော်မတီဝင်များရွေးကောက်ပွဲကို ဇန်နဝါရီ ၃၀ ရက်က နိုဗိုတယ်ဟိုတယ်မှာ ကျင်းပခဲ့ရာ ဖူဆယ်နဲ့သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌနေရာ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပါတယ်။  ဖူဆယ်နဲ့ သဲသောင်ပြင်ကော်မတီ ကိုယ်စားလှယ်ရာထူးအတွက် လက်ရှိဖူဆယ်ဥက္ကဋ္ဌ ဦးကြည်မင်းသိန်းနဲ့ ကော်မတီဝင်တယောက်ဖြစ်သူ ဒေါက်တာရဲမွန်ထွဋ်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ တာပါ။  မြို့နယ်ဘောလုံးအဖွဲ့ချုပ်တွေနဲ့ ကလပ်အသင်းတွေရဲ့ မဲပေးရွေးချယ်မှုအရ ဦးကြည်မင်းသိန်း က မဲအရေအတွက် ၅၇ မဲ၊ ဒေါက်တာ ရဲမွန်ထွဋ်က ၁၆၄ မဲနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။  ဒေါက်တာရဲမွန်ထွဋ်ဟာ ဖူဆယ်လိဂ်ပြိုင်ပွဲဝင် GV Athletic အသင်းပိုင်ရှင်ဖြစ်ပြီး ဖူဆယ် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရလို့ ကလပ်အသင်းကို စီမဲခန့်ခွဲခွင့်ရှိတော့မှာမဟုတ်ကြောင်း သိရပါတယ်။ အထက်မြန်မာပြည်ကိုယ်စားလှယ်နေရာမှာ ဒေါ်မေမြတ်နွယ်နဲ့ဦးခင်မောင်လေးတို့ ရွေးချယ်ခံ ခဲ့ရပြီး အောက်မြန်မာပြည် ကိုယ်စားလှယ်များအဖြစ် ဦးဇွဲလှိုင်မှီနဲ့ ဦးမင်းလိူင်တို့ ရွေးချယ် ခံခဲ့ရပါတယ်။  နည်းပြဆရာ ကိုယ်စားလှယ်နေရာမှာ ဦးတင်မြင့်အောင်က ဦးဉာဏ်ဝင်းကို အနိုင်ရခဲ့ပြီး လက်ရွေးစင်ကစားသမား ကိုယ်စားလှယ်နေရာမှာတော့ ဦးသန်းတိုးအောင်က ပြိုင်ဘက်မရှိ ရွေးချယ်ခံခဲ့ရပါတယ်။ အားကစား၊ ပညာရေးနှင့် ကျန်းမားရေးဆိုင်ရာ ကိုယ်စားလှယ်နေရာတွေ၊ ကလပ်အသင်း ကိုယ်စားလှယ်တွေ၊ ဒိုင်လူကြီးနဲ့ အမျိုးသမီးဘောလုံးကိုယ်စားလှယ်နေရာတွေမှာ ပြီးခဲ့တဲ့ သက်တမ်းကအတိုင်း အပြောင်းအလဲမရှိခဲ့ပါဘူး။  ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနေရာအတွက်လည်း ဦးဇော်ဇော်ကို ယှဉ်ပြိုင်မယ့်သူမရှိခဲ့ဘဲ ဒုတိယ ဥက္ကဋ္ဌ ရာထူးတွေအတွက်လည်း ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းပိုင်ရှင် ဦးပြည့်ဖြိုးတေဇတို့က ပြိုင်ဘက်မရှိ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
1 year Ago
Up