မြင်းခြံမြို့မှာ ပထမဆုံးအကြိမ်အဖြစ် အသင်းပေါင်းစုံ ဖူဆယ်ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကို ဇွန်လ ၆ ရက်နေ့က စတင်ကာ ရက်သတ္တပတ်အကြာ ကျင်းပနေပါတယ်။
မြင်းခြံခရိုင်၊ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနဲ့ ကာယပညာ ဦးစီးဌာနတို့နဲ့ ခရိုင်လူငယ်အသင်း (Youth Club) တို့ ပူးပေါင်းပြီး ဖူဆယ်ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကို မြင်းခြံမြို့ရှိ စင်ရော်ခြံဝန်းအတွင်းမှာ ကျင်းပနေတာပါ။
ခုလို ဖူဆယ်ဘောလုံးပြိုင်ပွဲတွေ ပြုလုပ်ပေးတာဟာ လူငယ်လူရွယ်တွေ အားကစားကို စိတ်ဝင်စားလာပြီး လမ်းမှားမရောက်ဖို့နဲ့ လက်ရွေးစင် အားကစားသမားတွေ ပေါ်ပေါက်လာဖို့အထိ ရည်မှန်းထားတယ်လို့ သိရပါတယ်။
စင်ရော်ခြံမှ ဦးမြင့်ဟန်က "အရင်တုန်းကတော့ မြင်းခြံဂုဏ်ဆောင် မြေလတ်ဒိုင်း ဘောလုံးအားကစားသမားတွေ ပေါ်ထွန်းခဲ့ဖူးပါတယ်။ ၂၀၁၆ မှာ ကလပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပခဲ့ဖူးတယ်။ အဓိက ရည်ရွယ်ချက်ကတော့ လူငယ်တွေ ကျန်းမာရေးနဲ့ ပြည့်စုံတဲ့ အနာဂတ်မျိုးဆက်ကောင်းတွေ ပေါ်ထွန်းလာဖို့နဲ့ အားကစားကို အမြဲတမ်း ထိတွေ့ကစားနေတော့ ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေ ဖြစ်စေချင်တဲ့အတွက် ဒီပြိုင်ပွဲ ကျင်းပ ပြုလုပ်ပေးတာပါ။ ဆက်ပြီးတော့လည်း ဒီလိုပြိုင်ပွဲတွေ ပြုလုပ်ပေးသွားဖို့ရှိတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
ခုလို ဖူဆယ်ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲကနေ ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် မြို့နယ်ပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လက်ရွေးစင်အားကစားသမားတွေ တဖန် ပြန်လည်ရွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
မြင်းခြံခရိုင် အားကစားနှင့် ကာယပညာ ဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ခင်အေးမူက "ဖူဆယ်ဘောလုံးက မြင်းခြံနဲ့ စိမ်းနေခဲ့တယ်။ ဘောလုံးကစားကြတာလည်း ကလေးတွေက ကွင်းကြီးတွေမှာပဲ ကစားကြတာများတယ်။ ဖူဆယ်ကို မကစားတတ်ကြဘူး။ ပြီးခဲ့တဲ့နှစ်ကစပြီး အား/ကာကနေဦးဆောင်ပြီး မြို့နယ်အားကစားခန်းမထဲမှာ ပွဲတပွဲ ကျင်းပပြုလုပ်ပေးခဲ့တယ်။ အဲလိုလုပ်ပေးတော့ မြို့ပေါ်က အားကစားသမားတွေ စိတ်ဝင်စားလာကြတယ်။ ခုပြိုင်ပွဲကနေ လက်ရွေးစင်ကစားသမား ရွေးသွားမှာဖြစ်တယ်" လို့ ဆိုပါတယ်။
ပြိုင်ပွဲဝင် အသင်းတသင်းဖြစ်တဲ့ ကျောက်ဘီလူးအသင်းမှ ကိုစိုင်းခန့်အောင်ကလည်း "ဒီနှစ်မှ ဖူဆယ်ကစားနည်းဆိုတာ မြင်းခြံကို ရောက်လာတာပါ။ အရင်က မကစားဖူးပါဘူး။ ငယ်ငယ်တည်းက ဘောလုံးကစားရတာ ဝါသနာပါတယ်။ ဖူဆယ်ဘောလုံးကစားနည်းကိုလည်း နှစ်သက်တယ်" လို့ ဆိုပါတယ်။
ဒီဖိတ်ခေါ် ဖူဆယ်ဘောလုံးပြိုင်ပွဲမှာ အသင်းပေါင်း ၂၉ သင်း ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ပထမဆု ၃ သိန်း၊ ဒုတိယဆု ၁ သိန်းခွဲ၊ တတိယဆု ၇ သောင်းခွဲ ဆုချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - ရီရီထွန်း (မြင်းခြံ)
5 years Ago