ဖုယွင်အထည်ချုပ်စက်ရုံ

October 21, 2018

ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းမှု ပြေလည်မှုမရ

ဖုယွင် အထည်ချုပ်စက်ရုံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အကြမ်းဖက်မှုတွေဖြစ်ပွားပြီးနောက်ပိုင်း ပြေလည်မှုရဖို့ အောက်တိုဘာ ၂၀ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေ၊ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းတွေ၊ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်တွေ တွေ့ဆုံညှိနှိုင်းခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၃၀ ကို အလုပ်ပြန်ခန့်ပေးဖို့ အဓိက ဆွေးနွေးခဲ့ကြပေမယ့် အလုပ်ရှင်ဘက်က လက်ရှိ စက်ရုံရှေ့ဆန္ဒပြတဲ့အပေါ် တရားမဝင်ကြောင်း အလုပ်သမားဘက်က ဝန်ခံပေးဖို့၊ လူမိုက်ငှားပြီး စက်ရုံဘက်က အကြမ်းဖက်တယ်ဆိုတဲ့အပေါ် မဟုတ်မှန်ကြောင်း ဝန်ခံပေးဖို့ တရားမဝင် အဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်မလုပ်ဖို့နဲ့ အနိုင်ရတယ်ဆိုပြီး စက်ရုံအတွင်း တခြားသူတွေကို မပြောဆိုဖို့၊ ရာထူးကြီးတဲ့သူတွေ ပြောစကားနားထောင်ဖို့ စတဲ့အချက် ၈ ချက်လောက်ရမှ အလုပ်ပြန်ခန့်မယ်လို့ ဆိုပါတယ်။ ဖုယွင်စက်ရုံအလုပ်သမားသမဂ္ဂအဖွဲ့ဥက္ကဋ္ဌကတော့ စက်ရုံအတွင်း အနိုင်ရတယ်ဆိုတာ ပြန်မပြောဘူးဆိုတဲ့အချက်တခုသာ သဘောတူညီခဲ့ပြီး ကျန်တဲ့အချက်တွေကို လိုက်လျောဖို့ ငြင်းဆန်ခဲ့ပါတယ်။ အလုပ်ရှင် အလုပ်သမား ညှိနှိုင်းမှု အဆင်မပြေတာကြောင့် ဥပဒေနဲ့အညီ ဆက်လက် ရင်ဆိုင်သွားမယ်လို့ အလုပ်ရှင်အလုပ်သမား ကိုယ်စားလှယ်တွေက ပြောပါတယ်။
3 years Ago

September 7, 2018

ဆန္ဒပြ ဖုယွင်အထည်ချုပ်စက်ရုံ အလုပ်သမားများ စားဝတ်နေရေး အခက်ကြုံ၍ အလှူခံထွက်

သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်တာ ၁၈ ရက် ကြာမြင့်လာပြီဖြစ်တဲ့ ဖုယွင် အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ စားဝတ်နေရေး အခက်အခဲကြောင့် လှည့်လည် အလှူခံနေရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ ဖုယွင် အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၃၀ အလုပ်ထုတ်ခံရတဲ့အပေါ် အလုပ်သမား ၂၀၀ လောက်ဟာ သြဂုတ် ၂၁ ရက်နေ့ကစပြီး ဆန္ဒဖော်ထုတ်နေတာပါ။ လက်ရှိမှာ သပိတ်စခန်းဖွင့် ဆန္ဒဖော်ထုတ်တာ ၁၈ ရက် ကြာမြင့်လာပြီ ဖြစ်တဲ့အတွက် စားဝတ်နေရေး အခက်အခဲကြောင့် စက်တင်ဘာ ၇ ရက်နေ့ကစပြီး လှည့်လည် အလှူခံနေရပါတယ်။ အလုပ်သမား ၅၀ လောက်ဟာ စက်တင်ဘာ ၆ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်နဲ့ စက်တင်ဘာ ၇ ရက်နေ့က တာမွေနဲ့ မင်္ဂလာတောင်ညွန့်မြို့ နယ်တို့မှာ အလှူခံခဲ့ပါတယ်။ အလုပ်သမား မသန္တာဆွေက “အလုပ်သမား ၃၀၀ လောက်အတွက် လက်ရှိမှာ တရက် ၈၀၀၀၀ နဲ့ ၁ သိန်းကြား ကုန်တယ်။ စားဝတ်နေရေး၊ ကျန်းမာရေးအတွက် အတော် အခက်ခဲရှိလာပါပြီ။ အဲဒါကြောင့် လှည့်လည်အလှူခံနေတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။ ဖုယွင် အထည်ချုပ်စက်ရုံအနေနဲ့ အနည်းဆုံးအခကြေးငွေ တိုးမြှင့်လိုက်တာကြောင့် ကုန်ကျစရိတ်ပိုလာပြီး ကုန်ထုတ်လုပ်မှုက တိုးတက်မလာတာကြောင့် အခုလို လုပ်သားလျှော့ချဖို့ ဆုံးဖြတ်ရတာလို့ ကုမ္ပဏီဘက်က သြဂုတ် ၁၅ ရက်နေ့မှာ ကြေညာထားပါတယ်။ အငြင်းပွားမှုနဲ့ပတ်သက်ပြီး မြို့နယ်အလုပ်သမားရုံးမှာ အကြိမ်ကြိမ်တွေ့ဆုံ ညှိနှိုင်းခဲ့ပေမယ့် ပြေလည်မှု မရသေးပါဘူး။ အခုအလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၃၀ ဟာ စက်ရုံအလုပ်သမားသမဂ္ဂကို စတင်တည်ထောင်သူတွေ ဖြစ်ပြီး ဒီစက်ရုံမှာ အလုပ်သမား ၉၀၀ လောက် ရှိပါတယ်။
3 years Ago
Up