ဖုန်းသူခိုးကို

August 12, 2017

ဖုန်းသူခိုးကို ဟန့်တားဖမ်းဆီးသည့် ဆိုင်ရှင် ဓားဖြင့်အချက်များစွာအထိုးခံရ၍ သေဆုံး

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်မှာ ဩဂုတ် ၁၁ ရက်၊ ည ၁၁ နာရီ လောက်က power 9 ဖုန်းဆိုင်အတွင်း ဝင်လာတဲ့သူခိုးကို ဆိုင်ရှင်က ဟန့်တားဖမ်းဆီးရာမှ ဓားထိုးခံရပြီး သေဆုံးသွားပါတယ်။ ဖုန်းဆိုင်ရှင် ခွန်ကျော်မိုးဟာ သူခိုးကိုဖမ်းမယ်လုပ်ရင်း သူခိုးက အသင့်ပါလာတဲ့ဓားနဲ့ ထိုးရာမှ အသက်ဆုံးရှုံးသွားတာလို့ ဆီဆိုင်စခန်းမှူး ဒုရဲမှူး ဇော်မင်းခိုင်က ပြောပါတယ်။ "ခိုးဖို့ ရည်ရွယ်ချက်နဲ့ ဆိုင်နောက်ဖေးကဝင်လာတဲ့ သူခိုးကို ဆိုင်ရှင် ခွန်ကျော်မိုးက သွားကြည့်ပြီးဖမ်းမလို့ လုပ်တဲ့အချိန်မှာ သူခိုးက အသင့်ပါလာတဲ့ ဓားနဲ့ ဆိုင်ရှင်ရဲ့ ရင်ညွန့်ကို ထိုးတယ်၊ ဗိုက်ကို နှစ်ချက်ထိုးတယ်၊ ချိုင်းအောက်တချက်၊ ဘယ်ဘက်လက် တံတောင်ဆင့်တချက် ထိုးလိုက်တယ်။ ဆိုင်ရှင်ကအလူးအလိမ့်ပေါ့၊ ဆေးရုံရောက်တော့ ဆုံးသွားတယ်။" တရားခံဖြစ်သူ အစိုင်း (ခေါ်) အောင်စိုင်းကို လူသတ်မှု ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ စခန်းမှူးက ပြောပါတယ်။ ဆီဆိုင်မြို့နယ်မှာ တရားဥပဒေ စိုးမိုးမှုနည်းပါးတဲ့အတွက် သူခိုးမှု၊ လုယက်မှု၊ လူသတ်မှု မကြာခဏဖြစ်ပွားနေတယ်လို့ အောင်ချမ်းသာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစံဝင်းမောင်က ပြောပါတယ်။ "ကျနော်တို့ ဆီဆိုင်မှာ တရားဥပဒေ စိုးမိုးမှုကို ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်မှု အားနည်းတယ်၊ ရဲတပ်ဖွဲ့အင်အားလည်း နည်းတယ်၊ နောက် မူးယစ်ဆေးဝါးသုံးစွဲမှု များတဲ့အတွက် ခိုးမှုတွေ မကြာခဏဖြစ်တယ်။ ခိုးမှုတိုင်းကို ခံရတဲ့ပြည်သူတွေက အမှုဖွင့်တိုင်ကြားတာ မရှိဘူး၊ အမှုမဖွင့်ရဲတော့ ရဲတပ်ဖွဲ့ကလည်း ဘာမှလုပ်ပေးမရဖြစ်နေတာ။" သတင်းနှင့်ဓာတ်ပုံ - ခွန်ရာဇာ
4 years Ago
Up