ဖုန်းလုံးဝမသုံးသူကို

A d v e r t i s e m e n t With Us

June 15, 2019

ဖုန်းလုံးဝမသုံးသူကို ပီဇာတချပ်လက်ဆောင်ပေးမည့် ကယ်လီဖိုးနီးယား စားသောက်ဆိုင်

စားသောက်နေချိန်အတွင်း ဖုန်းလုံးဝမသုံးပါက ပီဇာတစ်ချပ် လက်ဆောင်ပေးမယ်လို့ ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ စားသောက်ဆိုင်တခုက ကမ်းလှမ်းထားပါတယ်။ ဒီအစီစဉ်ကို “အချင်းချင်းစကားပြောဆိုခြင်း လျော့ဈေး” လို့အ မည်ပေးထားပြီး ဖရက်စနိုအရပ်မှာရှိတဲ့ Curry Pizza ကုမ္ပဏီက စတင်ပြုလုပ်ခဲ့တာလို့ ဇွန် ၁၀ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။ ဒီလိုအစီစဉ် ပြုလုပ်ရတဲ့ ရွည်ရွယ်ချက်က ဖောက်သည်တွေကို ဖုန်းနဲ့တင် အချိန်ကုန်မနေဘဲ အချင်းချင်းပြောဆို ဆက်ဆံမှု ပိုမိုပြုလုပ်လာစေဖို့ ရည်ရွယ်တယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ထားပါတယ်။ ဒီအစီစဉ်ကို ရယူလိုသူတွေအနေနဲ့ အနည်းဆုံး လေးယောက်နဲ့အထက်ရှိရမှာဖြစ်ပြီး သူတို့ဟာ စားပွဲမှာထိုင်ပြီဆိုတာနဲ့ ဖုန်းတွေပိတ်ထားဖို့ သဘောတူရပါမယ်။ ဒီလိုဖုန်းမသုံးဘဲ စားသောက်စရာတွေကို စကားတပြောပြောနဲ့ စားသောက်နိုင်တဲ့အဖွဲ့က ကြီးမားတဲ့ ပီဇာတချပ်ကို နောက်ရက် လာရောက်စားသောက်ချိန် ရရှိမှာဖြစ်ပြီး လာမစားချင်ဘူးဆိုရင်လည်း ဒီပီဇာကို မြို့ထဲမှာရှိတဲ့ အိမ်ယာမဲ့တွေကို သွားရောက်လှူဒါန်းပေးမှာဖြစ်ပါတယ်။ ကိုယ့်အစီစဉ်နဲ့ကိုယ် လှူဒါန်းဖို့ကိုလည်း ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။ “ဒီအစီစဉ်ကို ကျနော်ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ချမှတ်လိုက်တာ ဖြစ်ပါတယ်။ ကျနော်ဟာ အိမ်မှာဆိုရင် ကျနော့်ကလေးအတွက်ပဲ အချိန်ပေးပြီး အရေးပေါ်အခြေအနေတွေမှသာ ဖုန်းကို ထုတ်သုံးပါတယ်။ ဒါ့ကြောင့် အခုချိန်မှာ ကျနော်ဟာ ဖုန်းအလွန်အကျွံ မသုံးစွဲခြင်းရဲ့ အကျိုးကို ခံစားနေရပြီဖြစ်ပြီး တခြားသူတွေကိုလည်း ကျနော်တို့လို လိုက်ပါဆောင်ရွက်ဖို့ ဒီအစီစဉ်ကို ပြုလုပ်ရခြင်းဖြစ်တယ်” လို့ Curry Pizza ကုမ္ပဏီရဲ့ပိုင်ရှင်တဦးဖြစ်သူက ပြောပါတယ်။ ကုမ္ပဏီဘက်က ဒီအစီစဉ်ကို ပြီးခဲ့တဲ့ သုံးပတ်လောက်ကတည်းက စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာဆိုရင် ပီဇာအချပ်ကြီး ၄၀၊ ၅၀ လောက်ကို ဆုအဖြစ် ပေးဝေခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
2 years Ago
Up