ဖုန်းလိုင်း

June 7, 2017

ဖုန်းလိုင်းမမိသဖြင့် သစ်ပင်ပေါ်တက် ဖုန်းဆက်ခဲ့ရသည့် ဝန်ကြီးရုပ်သံ ပျံ့နှံ့

ဖုန်းလိုင်းမမိလို့ သစ်ပင်ပေါ်တက်ပြီး ဖုန်းဆက်ခဲ့ရတဲ့ အိန္ဒိယအစိုးရဝန်ကြီးတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေပြီး လူပြောများနေခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်နေ့က ရာဂျက်စ်တန်ပြည်နယ်မှာ ဖြစ်ခဲ့ပြီး ဘီကန်နာဒေသတွင်းမှ ဒိုလီယာကျေးရွာကို ဝန်ကြီးလာရောက်ချိန်မှာ ဖြစ်ခဲ့တာပါ။ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး အာဂျန်ရမ် မက်ဝဲလ်ဟာ အဲဒီဒေသတွင်းဆေးရုံမှာ သူနာပြုဦးရေ လုံလုံလောက်လောက် မရှိတာနဲ့ပတ်သက်ပြီး ဖြေရှင်းပေးဖို့ သွားရောက်ခဲ့တာပါ။ သူဟာ ရွာသားတွေနဲ့ တွေ့ဆုံချိန်မှာ ရွာသားတွေတင်ပြတဲ့ ပြဿနာတွေကို သက်ဆိုင်တဲ့ အစိုးရတာဝန်ရှိသူတွေဆီ ဖုန်းနဲ့ အကြောင်းကြားဖို့ ကြိုးစားခဲ့တာလို့ အိန္ဒိယတူဒေးသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဒါပေမယ့် ဖုန်းလိုင်းဟာ ဘယ်လိုမှခေါ်မရဘဲ ဖြစ်နေခဲ့တာမို့ ရွာသားတွေက သူ့ကို သစ်ပင်ပေါ်တက်ပြီး ကြိုးစားခေါ်ကြည့်ဖို့ အကြံပေးခဲ့ချိန်မှာ သူက လက်ခံပြီး လှေကားထောင် သစ်ပင်ပေါ်တက် ဖုန်းပြောခဲ့တာပါ။ ရွာသားတွေအဖို့တော့ ခုလို သစ်ပင်ပေါ်တက်ပြီး ဖုန်းခေါ်တာဟာ မထူးဆန်းတော့ပေမယ့် ဝန်ကြီးတဦးဖြစ်တဲ့ အာဂျန်ရမ် မက်ဝဲလ်ရဲ့ ဖုန်းခေါ်ဆိုပြောနေခဲ့တဲ့ ဓာတ်ပုံတွေ၊ ရုပ်သံဗွီဒီယိုဖိုင်တွေကတော့ လူမှုကွန်ရက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့တာပါ။ ပရိသတ်တွေကတော့ ဒါဟာ အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ ဒီဂျစ်တယ်အိန္ဒိယ ဦးဆောင်မှုအပေါ် ချဉ်းကပ်မှုတခုပဲလို့ ပြောနေကြတာပါ။ အိန္ဒိယနိုင်ငံက ကျေးလက်ဒေသတွေမှာ လက်ရှိအချိန်ထိ မိုဘိုင်းဆက်သွယ်မှု ကောင်းမွန်ခြင်း မရှိသေးပါဘူး။
4 years Ago
Up