ဖုန်းကစားပြီး လမ်းလျှောက်လာသည့် အမျိုးသမီး မြစ်ထဲချော်ကျ သေဆုံး (ရုပ်သံ)

January 2, 2016

ဖုန်းကစားပြီး လမ်းလျှောက်လာသည့် အမျိုးသမီး မြစ်ထဲချော်ကျ သေဆုံး (ရုပ်သံ)

တရုတ်နိုင်ငံတောင်ပိုင်း ဇီကျန်းခရိုင်၊ ၀မ်ဇူးမြို့မှာ ဒီဇင်ဘာ ၂၉ ရက်နေ့က အမျိုးသမီးတဦးဟာ မြစ်ကမ်းဘေးလမ်းပေါ်မှာ ဖုန်းကိုကြည့်ကစားပြီး လျှောက်ခဲ့ချိန် မြစ်ထဲခြေချော်ကျ သေဆုံးခဲ့ပါတယ်။ စီစီတီဗွီသတင်းဌာနက ထုတ်လွှင့်တဲ့ ရုပ်သံဗွီဒီယိုဖိုင်မှာ အဲဒီအမျိုးသမီးဟာ ဘေးကို သတိမမူမိဘဲ ဖုန်းကိုသာ သဲကြီးမဲကြီး ကြည့်လာရာကနေ မြစ်ထဲခြေချော်ကျခဲ့တာကို တွေ့ရပါတယ်။ သူဟာ ရေအောက်ကို မနစ်မြုပ်ခင်မှာ အချိန် ၁ မိနစ်ကျော်လောက် ရုန်းကန်ပြီး ကြိုးစားခဲ့တာပါ။ အသက် ၂၈ နှစ်အရွယ် ၀မ်အမည်ရအဲဒီအမျိုးသမီးဟာ ရွှေ့ပြောင်းအလုပ်သမား တဦးဖြစ်ပြီး ကလေး ၂ ဦးရဲ့မိခင်ဖြစ်ပါတယ်။ သူဟာ အဲဒီနေ့ညနေက လမ်းလယ်က လမ်းလျှောက်ပြန်ခဲ့ချိန်မှာ ဖုန်းကို ကစား ရင်း လျှောက်လာခဲ့တာ ဖြစ်ပြီး မြစ်ကမ်းဘေးစပ်ကို သတိမမူမိပဲ ခြေချော်ကျသွားခဲ့တာပါ။ သူ့ရဲ့အလောင်းကိုတော့ နောက်တနေ့ မနက်ခင်းမှာ သူကို လာရှာတဲ့ အမျိုးသားဖြစ်သူ ယန်က ရေပေါ်ပေါလောပေါ်နေတဲ့ ဖိနပ်ကို စတွေ့ပြီး ပြန်ရှာတွေ့ခဲ့တာပါ။ အမေရိကန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီရဲ့ လေ့လာဆန်းစစ်မှုတခုအရ ပြီးခဲ့တဲ့နှစ်တွေမှာ ဆဲလ်ဖုန်းတွေကြောင့် ယာဉ်တိုက်မှုနဲ့ လမ်းလယ်လူကူးမျဉ်းကြားမှ မတော်တဆဖြစ်ရပ်တွေ ဖြစ်လာတာတွေ များလာတယ်လို့ ဆိုပါတယ်။ အဲဒီအမှုကို ကိုင်တွယ်တဲ့ ရဲအရာရှိ ဇူရန်ဂျန်က မြစ်ဟာ ရင်ဘတ်လောက်ပဲ အနက်ရှိတာ ဖြစ်ပေမယ့် အောက်ခြေက ထူထပ်တဲ့ ရွှံ့နွှံတွေကြောင့် လူတယောက်ကို လဲကျနစ်မြုပ်စေနိုင်တာလို့ ပြောပါတယ်။
7 years Ago
Up