ဖုန်မုန်တိုင်း

April 25, 2019

ပိုလန်တွင် ဖုန်မုန်တိုင်းတိုက်ခတ်၊ လမ်းများပေါ်တွင် မြင်နိုင်စွမ်းကျဆင်းပြီး မတော်တဆမှုဖြစ်

ပိုလန်နိုင်ငံတဝန်းမှာ ဧပြီ ၂၃ ရက်က ဖုန်မုန်တိုင်းတွေ တိုက်ခတ်ခဲ့လို့ လမ်းတွေပေါ်မှာ မြင်နိုင်စွမ်း ကျဆင်းနေပြီး တချို့နေရာတွေမှာ ယာဉ်ကြောဆိုင်ရာ မတော်တဆမှုတချို့ ဖြစ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဖုန်တွေဟာ ဆာဟာရကန္တာရကနေ ရောက်လာတယ်လို့ အစောပိုင်းက ယုံကြည်ခဲ့ကြပြီး အဲဒီဖုန်တွေကြောင့် လမ်းတွေပေါ်မှာ မြင်နိုင်စွမ်းလျော့နည်းနေတဲ့ ရုပ်သံတွေ လူမှုကွန်ရက် မီဒီယာပေါ်မှာ ပျံ့နှံ့နေပါတယ်။ ဒါပေမယ့် ဆာဟာရက ဖုန်တွေ သဲတွေဟာ ပိုလန်နိုင်ငံဆီ ရောက်မလာနိုင်ဘူးလို့ ပိုလန် မိုးလေဝသဆိုင်ရာ အင်တာနက်စာမျက်နှာ မီတီယို ၈ ရိုနိုဇာဒေါ့ပီအယ်လ်က ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။ မိုးခေါင်တာနဲ့ လမ်းတွေဝန်းကျင်မှာ သစ်ပင်ခြုံပုတ် ကင်းမဲ့တာအပြင် တနာရီကို လေတိုက်နှုန်း ၄၃ မိုင်ထိ တိုက်ခတ်ခဲ့တာ အပါအဝင် အကြောင်းရင်းတွေရဲ့ ရလဒ်ကြောင့် ခုလို ရာသီဥတု အခြေအနေကို ကြုံရတာလို့ အင်တာနက် စာမျက်နှာက ဆိုပါတယ်။
2 years Ago
Up