အကျင့်ပျက်ခြစားမှုနဲ့ ပတ်သက်တဲ့ စွဲချက်တွေနဲ့ ပတ်သက်ပြီး မေးခွန်းတွေကို ဖြေဆိုဖို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဒု-ဥက္ကဋ္ဌဟောင်း အယ်ခွဲနို ဖီခရဲဒိုကို မွေးရပ်မြေ ဥရုဂွေးကို လွှဲပြောင်းပေးလိုက်ပါတယ်။
အကျင့်ပျက်ခြစားမှုနဲ့ အမေရိကန်က စွဲဆိုထားတဲ့ ဖီဖာအမှုဆောင် ၁၄ ဦးထဲမှာ ဖီခရဲဒိုက တဦးအပါအ၀င် ဖြစ်ပါတယ်။
အမေရိကန် တရားလိုတွေရဲ့ တောင်းဆိုချက်အရ မေလ ဆွစ်ဇာလန်မှာ ဖမ်းဆီးလိုက်တဲ့ ဖီဖာအရာရှိ ၇ ဦးထဲမှာ အသက် ၈၃ နှစ်ရှိ ဖီခရဲဒိုလည်း ပါဝင်ပါတယ်။
အမေရိကန်ကို လွှဲပြောင်းပေးဖို့ ဖီခရဲဒိုက ကန့်ကွက်ခဲ့ပြီး ဥရုဂွေးကို လွှဲပြောင်းပေးဖို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။
ဥရုဂွေးမှာတော့ ငွေကြေးခ၀ါချမှု၊ တရားမ၀င် အသက်မွေးဝမ်းကြောင်းမှုတွေနဲ့ စွဲဆိုခံရမယ်လို့ ဒေသခံ တရားလိုတဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။
ဖီခရဲဒိုဟာ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ပါတယ်။
ကိုပါအမေရိက ပြိုင်ပွဲအတွက် ဒေါ်လာသန်းချီပြီး လာဘ်ငွေတွေ ရယူတယ်လို့ သူ့ကို စွပ်စွဲထားတာ ဖြစ်ပါတယ်။
7 years Ago