ဖီဖာဥက္ကဋ္ဌ ပြော

February 18, 2017

မြန်မာဘောလုံးလောက တိုးတက်ရေး ဆက်ကူညီမည်ဟု ဖီဖာဥက္ကဋ္ဌ ပြော

မြန်မာဘောလုံးလောက ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ဆက်ပြီး ကူညီသွားမယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖန်တီနို က ရန်ကုန်ဘောလုံးအကယ်ဒမီ ဖွင့်ပွဲအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။ မြန်မာနိုင်ငံဟာ လူဦးရေ သန်းငါးဆယ်ကျော်ရှိပြီး အားလုံးက ဘောလုံးအားကစားကို ချစ်မြတ်နိုးကြတာဟာ အားရစရာ ကောင်းတယ်လို့ ဖီဖာ ဥက္ကဋ္ဌ ကပြောပါတယ်။ အခုလိုဘောလုံအကယ်ဒမီတွေမှာ ကူညီပံ့ပိုးတာတင်မကဘဲ အောက်ခြေအဆင့်ကနေစပြီး ဘောလုံးအားကစားမှာ ကျွမ်းကျင်တဲ့ လူသားအရင်းအမြစ်နဲ့ အမျိုးသမီးဘောလုံးလောကအထိ ဆက်လက်ပံ့ပိုးကူညီသွားမယ်လို့လည်း သူကပြောပါတယ်။ ဖီဖာ ဥက္ကဋ္ဌသစ် အင်ဖန်တီနိုဟာ လာမယ့်အနာဂတ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်ကို အသင်းအရေအတွက် ၄၈ နဲ့ ကျင်းပဖို့ ဦးဆောင် အဆိုပြုထားသူ ဖြစ်ပါတယ်။ ဒီလိုအသင်း အရေအတွက်တိုးလိုက်တဲ့အတွက် ကမ္ဘာတ၀ှမ်းက နိုင်ငံတွေ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ခွင့်ရဖို့မျှော်လင့်နိုင်သလို မြန်မာနိုင်ငံအနေနဲ့လည်း ဒီလိုဘောလုံးအကယ်ဒမီကနေတဆင့် ကမ္ဘာ့ဖလားကစားခွင့်ရအောင် စွမ်းဆောင်မယ့် ကစားသမားတွေ ထွက်ပေါ်လာနိုင်တယ် လို့ပြောပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားဘောလုံးအကယ်ဒမီအတွက် အသက် ၁၁ နှစ်ကနေ ၁၂ နှစ် လူငယ်ကစားသမား ၆၀ ကျော် ရွေးချယ်သွားမှာဖြစ်ပြီး ပြည်တွင်းနည်းပြတွေအပြင် ဂျပန်နိုင်ငံက နည်းပြတွေလည်း ခေါ်ယူလေ့ကျင့်စေမယ်လို့ သိရပါတယ်။ ဒါ့အပြင် ယူ-၁၄ လက်ရွေးအသင်းကိုလည်း ပြင်သစ်နည်းပြနဲ့ လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။ ရန်ကုန်ဘောလုံးအကယ်ဒမီကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကန်ဒေါ်လာ ၅ သိန်းထောက်ပံ့ခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကန်ဒေါ်လာ ၂ သိန်း ၈ သောင်း ကျော်၊ ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်က မြက်ခင်းတု ၂ ကွင်းနဲ့ အဆောက်အဦအတွင်းပိုင်း ပြင်ဆင်မူအတွက် ကန်ဒေါ်လာ ၂ သန်းနဲ့ စုစုပေါင်းကန်ဒေါ်လာ ၂ ဒသမ ၇ သန်း ကျော်အကုန်ကျခံတည်ဆောင်ခဲ့တာဖြစ်ပါတယ်။ အခုဖွင့်လှစ်လိုက်တဲ့ အမျိုးသားဘောလုံးအကယ်ဒမီဟာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ၃ ခုမြောက်အကယ်ဒမီ ဖြစ်ပြီး မန္တလေးဘောလုံးအကယ်ဒမီနဲ့ ပုသိမ်ဘောလုံးအကယ်ဒမီတွေ မှာလည်း ဘောလုံးပညာတွေ လေ့ကျင့်သင်ကြားပေးနေပါတယ်။ သတင်း/ဓာတ်ပုံ- လွှမ်းမိုးအောင်
4 years Ago
Up