ဖီဖာထိပ်တန်း အရာရှိများကို အမေရိကန် ထပ်မံတရားစွဲဆို

December 4, 2015

ဖီဖာ ထိပ်တန်းအရာရှိများကို အမေရိကန် ထပ်မံတရားစွဲဆို

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ လက်ရှိနဲ့ အရင် ထိပ်တန်းအရာရှိ ၁၆ ဦးကို အမေရိကန်ပြည်ထောင်စု အာဏာပိုင်တွေက ထပ်မံ စွဲဆိုလိုက်ပါတယ်။ ဇူးရစ်မှာ ဖီဖာ ဒု-ဥက္ကဋ္ဌ ၂ ဦးကို ဒီဇင်ဘာ ၃ ရက်နေ့က ဖမ်းဆီးခဲ့အပြီး နာရီအနည်းငယ်အကြာမှာ ၀ါရှင်တန် တရားရေးဌာနက အကျင့်ပျက်ခြစားမှုနဲ့ စွဲဆိုမယ့်လူစာရင်းကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီအထဲမှာ ဘရာဇီး ဘောလုံးအဖွဲ့ချုပ် အကြီးအကဲဟောင်း ရီကာဒိုတိုင်ဇီယာလည်း ပါဝင်နေပြီး ပေါင် သန်း ၂၀၀ လာဘ်စားမှုနဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ဘရာဇီး ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မာကိုပိုလို ဒီနဲရိုးကိုလည်း ငွေကြေးခ၀ါချမှု အပါအ၀င် တခြားစွဲချက်တွေနဲ့ စွဲဆိုထားပါတယ်။ စွဲဆိုလိုက်တဲ့အထဲမှာ ပနားမား ဘောလုံးအဖွဲ့ချုပ် အရာရှိဟောင်း၊ ဟွန်ဒူးရပ်စ် ဘောလုံးအဖွဲ့ချုပ်၊ ဂွာတီမာလာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ ဂွာတီမာလာ ဖီဖာအမှုဆောင် အရာရှိတို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင် သမုဒ္ဒရာပိုင်းဇုန် ဘောလုံးဥက္ကဋ္ဌ၊ အယ်ဆာဗာဒို ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း၊ ပီရူး၊ ဘိုလီးဗီးယား၊ အီကွေဒေါ၊ တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး၊ ဘိုလီးဗီးယား ဘောလုံးအဖွဲ့ချုပ် စာရင်းစစ်ကော်မတီ အကြီးအကဲတို့ ပါဝင်နေတာပါ။ ဖီဖာကတော့ အခုဖြစ်ပျက်မှုတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။ မေလက ဆွစ်ဇာလန် ဇူးရစ်ဟော်တယ်မှာ ဖီဖာထိပ်တန်းအရာရှိ ၅ ဦးကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဖီဖာအရာရှိတွေကို အမေရိကန်က စွဲဆိုမှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
7 years Ago
Up