ဖီဖာ

December 6, 2022

ဆားဘီးယားအသင်းကို ဖီဖာ အရေးယူ

ဆွစ်ဇာလန်အသင်းကို ၂ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ မသင့်လျော်တဲ့အပြုအမှုတွေ လုပ်ဆောင်ခဲ့တဲ့ ကစားသမားတွေနဲ့ ပရိသတ်တွေနဲ့ ပတ်သက်ပြီး ဖီဖာက ဆားဘီးယားအသင်းကို အရေးယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဆားဘီးယားအသင်းသားတွေဟာ ပင်နယ်တီမပေးခဲ့တာနဲ့ ပတ်သက်ပြီး ဒိုင်လူကြီးကို အပြင်းအထန် စောဒကတက်ခဲ့ကြသလို ပရိသတ်တွေဟာလည်း ဆွစ်ဇာလန် ကစားသမား ရှာကီရီကို လူမျိုးရေးခွဲခြားတဲ့အသုံးအနူန်းတွေနဲ့ အော်ဟစ်ဆဲဆိုခဲ့တာပါ။

ဆွစ်ဇာလန်အသင်းခေါင်းဆောင် ချာကာနဲ့ ရှာကီရီတို့ဟာ ဆားဘီးယားနိုင်ငံကနေ ၂၀၀၈ ခုနှစ် က ခွဲထွက်ခဲ့တဲ့ ကိုဆိုဗိုနိုင်ငံက အယ်လ်ဘေးနီးယားမျိုးနွယ်စုတွေဖြစ်ပါတယ်။

ဒါပေမဲ့ ဆားဘီးယားကတော့ ကိုဆိုဗိုနိုင်ငံရဲ့ လွတ်လပ်ရေးကို သိအမှတ်မပြုထားပါဘူး။ အဲဒီလို အခြေအနေမှာ ဆားဘီးယားပရိသတ်တွေက အယ်လ်ဘေးနီးယားမျိုးနွယ်စုတွေဖြစ်တဲ့ ဆွစ်ဇာလန်ကစားသမားတွေကို ခွဲခြားမှုပြုလုပ်ခဲ့ကြတာပါ။

ဆားဘီးယားဘက်က ဖြေရှင်းချက်ပေးရမှာဖြစ်ပြီး အရေးယူမှုတွေဟာ လာမယ့် မတ်လ မှာကစားမယ့် ယူရိုခြေစစ်ပွဲစဉ်တွေမှာ အကျိုးသက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။

4 days Ago

November 28, 2022

အီရန်အလံကိုပြုပြင်ပြီး ဖော်ပြခဲ့သည့် အမေရိကန်အသင်းကို ဖီဖာထံ တိုင်ကြား

အီရန်နိုင်ငံရဲ့အလံကို ပြုပြင်ပြီး ဖော်ပြခဲ့တဲ့ အမေရိကန်အသင်းရဲ့လုပ်ရပ်ကို အီရန်ဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဆီ တိုင်ကြားလိုက်ပါတယ်။

အမေရိကန်အသင်းဟာ အုပ်စုရပ်တည်မှုအခြေအနေကို ဖော်ပြရာမှာ အီရန်အသင်းရဲ့  စိမ်း၊ ဖြူ၊ နီ အလံအတွင်းက အလ္လာဟ်ကိုယ်စားပြု အမှတ်တံဆိပ်ကို ဖြတ်ထုတ်ပြီး တွစ်တာ၊ ဖေ့ဘွခ်တ်နဲ့ အင်စတာဂမ်စာမျက်နှာတွေမှာ ဖော်ပြခဲ့တာပါ။

ဒါဟာ အီရန်အသင်းရဲ့တရားဝင်အလံကို အသုံးမပြုချင်တာကြောင့်ဖြစ်ပြီး အခြေခံလူ့အခွင့်အရေးတွေကို တောင်းဆိုနေတဲ့ အီရန်နိုင်ငံက အမျိုးသမီးတွေအတွက် အားပေးထောက်ခံမှုဖြစ်ကြောင်း အမေရိကန်ဘက်က ထုတ်ပြန်ခဲ့ပါတယ်။

အီရန်အသင်းဘက်ကတော့  အီရန်နိုင်ငံရဲ့အလံကို မလေးမစားလုပ်တာဖြစ်လို့ အရေးယူဖို့ ဖီဖာဆီ တိုင်ကြားခဲ့တာပါ။

အဲဒီနောက် အမေရိကန်အသင်းဟာ အဲဒီအလံပါဝင်တဲ့ပုံကို ပြန်ဖျက်သွားခဲ့ပေမဲ့ အီရန်အမျိုးသမီးတွေနဲ့အတူရပ်တည်ရှိနေကြောင်း  သတင်းထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နဲ့ အီရန် တို့ဟာ  အုပ်စုတက်ရေးအဆုံးအဖြတ်ပွဲစဉ်အဖြစ် နိုဝင်ဘာ ၃၀ ရက်မှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။  

2 weeks Ago
More News
Up